ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အိမ်ခြေထောင်ချီ ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူနှင့် ဒေသခံ များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှ စတင်၍ စစ်အုပ်စုတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်း ချုပ်ထားသည့် ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် မြေပြင်ထိုးစစ် ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်၏ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုများကြောင့် စစ်ကြောင်းများမှာ ဇူလိုင်လအတွင်း ရွှေကူမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
ထိုသို့ ဆုတ်ခွာသွားရပြီးနောက် ဩဂုတ်လမှ စက်တင်ဘာလ ၁၀ ရက်ကျော်အထိ လေကြောင်း တိုက်ခိုက်မှုများ ကို ဆက်တိုက် ပြုလုပ်လာခြင်း ဖြစ်သည်။
ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက “လေယာဉ်ကတော့ လာနေတာပဲ နေ့တိုင်းလာတယ်။ တစ်နေ့ကို ဂျက်ဖိုက်တာ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ လာတယ်။ ရွှေကူဟိုဘက်ကမ်း ကြဲတယ်၊ ဒီဘက်ကမ်းလည်း ကြဲ တယ်။ မြို့အနီးတဝိုက်လည်း ကြဲတယ်။ အိမ်တွေအများစုက ပျက်စီးကုန်ပြီ။ လမ်းကူး၊ မြိုင်သာဆို မကျန် တော့ဘူး။ လေယာဉ်ဗုံးကြဲလို့ ပျက်စီးကုန်ပြီ” ဟု ပြောသည်။
KNG က စုစည်းရရှိထားသည့် အချက်အလက်များအရ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ သင်းဘောအင်း၊ မိုးစစ်၊ ရေလဲ၊ ပေါက်ကုန်း၊ ဘိုကုန်း၊ ကျောက်တလုံးကျေးရွာများအပြင် ရွှေကူမြို့အနီးမှ ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ကျွန်းတော်၊ တော်လှန်၊ ငဘတ်ကြီး၊ ငဘတ်ဝ၊ ကျောက်ကြီး၊ ရွှေကူလေးကျေးရွာများနှင့် အထက်လေး လမ်းဆုံ ဘက်မှ နန်းပေါင်း၊ ဝွဲမ၊ ဇင်းဘုံကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံ အမျိုးသားတစ်ဦးကလည်း “ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကတော့ ပျက်စီးကုန်တယ်။ လူနေအိမ်တွေလည်း သိပ်မကျန်ဘူး။ လမ်းကူး၊ မြိုင်သာဘက်ဆို မကျန်သလောက်ပဲ။ ရွာထဲ ပြန်ဝင်ရင်တော့ ပြန်လည်ထူထောင်ရေး မနည်းလုပ်ရဦးမှာ” ဟု ပြောသည်။
လတ်တလောတွင် လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ဇင်းဘုံ၊ ဝွဲမနှင့် နန်းပေါင်းကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ပြီး ကျန်သည့်ကျေးရွာများတွင်လည်း အိမ်ခြေ ထက်ဝက်ကျော် ပျက်စီးခဲ့ရသည်။ စစ်အုပ်စုတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို ပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အိမ်မွေး တိရစ္ဆာန်များပါ ပျက်စီးသေဆုံးမှုများ ရှိနေသည်။
စစ်အုပ်စုတပ်သည် ယခုနှစ် ဇွန်လမှစ၍ ရွှေကူ–ငအိုး ကားလမ်းပိုင်းမှတစ်ဆင့် ထီးချိုင့်နှင့် တကောင်းဘက်မှ စစ်အင်အား အလုံးအရင်းဖြင့် ရွှေကူမြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီး စစ်ကြောင်း ၄ ကြောင်းခွဲကာ စစ်မျက်နှာ ၄ ခုဖွင့်၍ ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် မြို့ပေါ်သို့ ပြန်ဆုတ်သွားခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် စစ်အုပ်စုတပ်သည် ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ ရွှေကူနှင့် စစ်ရေးတင်းမာနေသည့် ဗန်းမော်ဘက်သို့ စစ်အင်အားဖြည့်ရန် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် စစ်သင်္ဘော ၁၄ စီးဖြင့် တက်လာခဲ့သော်လည်း KIA ပူးပေါင်းတပ်၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်ကြောင်းလိုက် လက်နက်ချ ဖမ်းဆီးခံရ ခြင်း၊ စစ်သင်္ဘောများ ထိခိုက်ပျက်စီးခြင်းများ ကြုံတွေ့နေရသည်။
လက်ရှိတွင် ရွှေကူမြို့နယ်၌ ရွှေကူမြို့ပေါ်တစ်ခုတည်းကိုသာ စစ်အုပ်စုတပ်က ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာ အများစုကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
စစ်အုပ်စုတပ်သည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း ရွှေကူမြို့နယ်အတွင်းရှိ စီသာ၊ စီသောင်၊ မံနား၊ မံခါး၊ ငှက်တံတား၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမှူလေး၊ စီမူကြီး၊ မံဝင်း၊ ဝင်ဝ အပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။







