ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား သည့် ဓာတ်ဆီများ ဝင်ရောက်လာပြီး ဒေသတွင်း စက်သုံးဆီဆိုင်များတွင် ရောင်းချနေကြောင်း ဓာတ်ဆီ ရောင်း ဝယ်သူတစ်ဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှ ဓာတ်ဆီရောင်းချသူတစ်ဦးက “ချက်ဆီတွေက အရင်က ရေနီဖက်ကဝင်တာ အခုတော့ တောင်ငူဖက်ကနေပါ ပေးဝင်တာ” ဟု ပြောသည်။
ချက်ဆီဆိုသည်မှာ မြန်မာပြည်တွင်း၌ ချက်လုပ်ထားသည့် အရည်အသွေးနိမ့် ဓာတ်ဆီများ ဖြစ်သည်။
အဆိုပါဆီများကို ပြည်ပမှ တင်သွင်းလာသည့် ဓာတ်ဆီများနှင့် ရောနှောကာ ကရင်နီပြည်တွင်းသို့ တင်သွင်းလာ ခြင်း ဖြစ်သည်။ ဓာတ်ဆီအရောင်မှာ ဝါကျင့်ကျင့်ဖြစ်ပြီး အနံ့မှာလည်း သာမန်ဓာတ်ဆီအနံ့ထက် ပိုမိုစွဲကြောင်း ဓာတ်ဆီရောင်းချသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် စက်သုံးဆီဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ စက်သုံးဆီ ရောင်းဝယ်သူတစ်ဦးက “တချို့က ဈေးအတက်အကျကို ကြိုသိတဲ့သူတွေရှိတယ်။ သူတို့က အောက်က (တင်သွင်းလာမယ့်ဖက်) ဈေး တက်ပြီ ဆိုတာသိတော့ တချို့က ဆိုင်ကောက်ပိတ်လိုက်တယ် နောက်ရက်။ ဆီမရှိဘူးလိုလို ဘာလိုလိုပေါ့။ ပိတ် ပြီးတော့ သူတို့လိုချင်တဲ့ ဈေးရောက်မှ ပြန်ရောင်းတယ်။ အဲ့လိုမျိုးလုပ်စားတဲ့ သူတွေရှိတယ်။ ဒါပေမယ့် တချို့ ကျတော့ တကယ်ကို ဆီမရှိတာ။ တကယ်ကို ဆီမရှိလို့ ပိတ်လိုက်တာလဲ ရှိတယ်” ဟု ပြောသည်။
ရောနှောထားသည့် ဓာတ်ဆီဈေးမှာ ဈေးနှုန်းသက်သာပြီး တစ်ပေပါလျှင် ၁၇ သိန်း ၅ သောင်းကျပ် ပေါက်ဈေးရှိ သည်။ ပြည်ပမှ တင်သွင်းသည့် ဓာတ်ဆီများမှာမူ တစ်ပေပါလျှင် ကျပ်သိန်း ၂၀ ကျော် ပေါက်ဈေးရှိနေသည်။ ဆီးဘူး၊ ပီကင်းနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတို့တွင် ရောဆီများ ပျံ့နှံ့နေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ဆီ ရောင်းဝယ်နေသူတစ်ဦးက “တချို့ ဆီရောင်းဆိုင်တွေ တကယ်ကျွမ်းကျင်သူ တွေရှိတယ်။ တချို့ကျွမ်း ကျင်သူတွေက သိတယ်။ သိသိရင်းနဲ့ ကို ရောင်းတယ်။ တချို့ကျတော့ တကယ်ကို မသိပဲ ဂျင်းထည့်ခံရတာကို ။ ဆီဈေးချိုတယ်ဆိုပြီး ဝယ်လိုက်တာ အဲ့လိုတွေရှိတယ်” ဟု ပြောသည်။
အဆိုပါ ရောဆီ (ခေါ်) မသန့်သည့် ဓာတ်ဆီများကို သုံးစွဲမိခြင်းကြောင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် မီးစက်များ ပျက်စီး၍ လာရောက်ပြုပြင်သူများလည်း ရှိနေကြောင်း စက်ပစ္စည်းပြင်ဆိုင်နှင့် ကားဝပ်ရှော့ လုပ်ကိုင်သူများက ဆိုသည်။







