သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက် စစ်မှုထမ်းကြေး လစဉ်ပေးဆောင်နေရသော်လည်း ပေါ်တာဆွဲခံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
စစ်အုပ်စုတပ်အတွက် စစ်မှုထမ်းကြေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တစ်လလျှင် ငွေကျပ် ၅ သောင်း ပေးဆောင်နေရခြင်းဖြစ်ပြီး လူမနေသည့် အိမ်များပါမကျန် ယနေ့အထိ ပေးဆောင်နေရခြင်း ဖြစ်သည်။
ထိုသို့ စစ်မှုထမ်းကြေးကို လစဉ် ထည့်ဝင်နေရသော်လည်း စစ်မှုထမ်းရန် အကျုံးဝင်သူများကို စစ်အုပ်စုတပ် ဘက်က အာမခံချက် တစ်စုံတစ်ရာ ပေးထားခြင်းမရှိသဖြင့် အချိန်မရွေး လာရောက် ဖမ်းဆီးခံရမည်ကို လည်း ကောင်း၊ လမ်းသွားလမ်းလာစဉ် ပေါ်တာဆွဲခံရမည်ကိုလည်းကောင်း ဟိုပုံးဒေသခံ လူငယ်များ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြသည်။
အသက် ၂၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက “အခုက စစ်မှုထမ်းအတွက် ရွာမှာ ပိုက်ဆံနဲ့ လတိုင်း ပေး ထားပြီး ဆိုပေမယ့် ကျနော်တို့က အထောက်အထား စာရွက်စာတမ်းတွေ စစ်မှုထမ်း ကင်းလွတ်ခွင့် ရထားတာ မျိုး မရှိဘူး။ စစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းမှာ ဧည့်စာရင်းတွေမှာ ဖမ်းတာ ပေါ်တာဆွဲတာတွေအတွက် စိတ်ပူ နေရတုန်းပါပဲ” ဟု ပြောသည်။
စစ်မှုထမ်းဥပဒေအရ အမျိုးသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု သတ်မှတ်ထားသည်။
ထိုသို့ သတ်မှတ်ထားသဖြင့် လစဉ်ကြေး ပေးဆောင်နေရသည့် စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်ရှိသူများမှာ အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးခံရနိုင်ခြေ ရှိနေကြောင်း အထက်ပါ လူငယ်က ဆက်ပြောသည်။
၎င်းက “အခုဆိုရင် ရွာမှာ လူငယ်တွေက မရှိသလောက်ပဲ။ လယ်ယာတွေလည်း မလုပ်ကိုင်နိုင်သလို စိုက်ပျိုး ရေးလည်း မလုပ်နိုင်ဘူး။ စစ်မှုထမ်းကြေး ပြေးထားပေမယ့် အာမခံချက် မရှိဘူးလေ” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်နှင့် PNO တို့အတွက် စစ်မှုထမ်းကြေးအပြင် PNO အတွက် ကျည်ဆံ၊ ကျည်ကာနှင့် အခြားသော အသုံးစရိတ်များအတွက်ပါ ငွေကြေး ထည့်နေရသဖြင့် ဒေသခံ အခြေခံလူတန်းစားများအတွက် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “ကျည်ဆံဖိုးတွေရော စစ်မှုထမ်းစရိတ်တွေရောဆို တစ်လကို ကျပ်ငါးသောင်း လောက် ထည့်နေရတယ်။ ပိုက်ဆံရှိတဲ့ သူက မသိသာပေမဲ့ ကျမတို့လို အခြေခံ လူတန်းစားတွေအတွက် အဆင် မပြေဘူး။ စားဝတ်နေရေးထဲက လျော့ပြီး လက်နက်ကိုင်တွေ ကောက်တဲ့ ပိုက်ဆံကို အရင်ထည့်ရတယ်။ တစ်လ တစ်လ စားဖို့တောင် အဆင်မပြေရတဲ့ကြား အကြွေးတွေပါတင်နေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း ဟိုပုံးမြို့ပေါ်၌ ညနေပိုင်း အလုပ်မှ ဆိုင်ကယ်ဖြင့် ပြန်လာ သည့် လူငယ်များကို စစ်အုပ်စုတပ်က ဦးတည်ကာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် လူငယ် ၈ ဦးထက်မနည်း ဖမ်းဆီး ခံခဲ့ရပြီး ငွေကျပ် သိန်းဆယ်ချီ ပေးဆောင်၍ ပြန်လည်ရွေးထုတ်ခဲ့ရသည်။
စစ်အုပ်စုတပ်နှင့် PNO အတွက် ဒေသခံများအနေဖြင့် စစ်မှုထမ်းကြေး ထည့်ဝင်နေရသည်မှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။







