သီပေါ၌ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရမှု တရားမျှတမှု ရရှိရန် အခက်တွေ့နေ

သီပေါ၌ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရမှု တရားမျှတမှု ရရှိရန် အခက်တွေ့နေ
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မ ပြုကျင့်ခံရသော်လည်း ယနေ့အချိန်အထိ တရားမျှတမှု မရရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြော သည်။

လွန်ခဲ့သည့် ဇွန်လအတွင်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ၎င်း၏ ဘထွေးနှင့် အမျိုးတော်စပ်သူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးက တောထဲသို့ ထင်းခုတ်ရန်ဟုဆိုကာ ၅ ရက်ကြာ ခေါ်ဆောင်သွားခဲ့ပြီး ထိုကာလအတွင်း ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ထို့နောက် အဆိုပါ အမျိုးသားက မိန်းကလေးငယ်ကို ထပ်မံခေါ်ဆောင်ရန် လာရောက်ခဲ့သော်လည်း မိန်းကလေး ငယ်က လိုက်ပါရန် ငြင်းဆန်ခဲ့သဖြင့် ရိုက်နှက်ခဲ့သည်။

အဆိုပါ အမျိုးသားက မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ရိုက်နှက်ခဲ့ သည်ကိုမူ ဝန်ခံထားကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဖြစ်စဉ်ကို သိရှိပြီးနောက် မိန်းကလေးငယ်၏ မိခင်ဖြစ်သူမှာ ချက်ချင်း အမှုဖွင့်တိုင်ကြားနိုင်ခဲ့ခြင်း မရှိပေ။

မိုင်းလားတွင် အလုပ်လုပ်နေသည့် ခင်ပွန်းဖြစ်သူထံမှ ပို့ပေးသည့် ငွေကြေးများကို စွပ်စွဲခံရသူ၏ မိသားစုမှ တစ်ဆင့် လွှဲပြောင်းရယူနေရသဖြင့် ထိုမိသားစုအပေါ် စီးပွားရေးအရ မှီခိုနေရခြင်းကြောင့် ဖြစ်သည်ဟု မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အမှုဖွင့်လိုက်ရင် ငွေမပေးတော့ဘူး၊ ယောကျ်ားနဲ့လည်း ကွာအောင်လုပ်မယ်လို့ ခြိမ်းခြောက်ထားတော့ ကလေးအတွက် ပြောချင်ပေမယ့် ငတ်မှာကြောက်လို့ မပြောရဲခဲ့တာပါ” ဟု ပြောသည်။

ကလေး ၄ ဦးကို ပြုစုစောင့်ရှောက်နေရသည့် မိခင်ဖြစ်သူသည် အမှုဖွင့်တိုင်ကြားပါက ငွေကြေး လွှဲပြောင်းပေး နေသည့် လမ်းကြောင်းကို ဖြတ်တောက်မည့်အပြင် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲအောင် လုပ်ဆောင်မည်ဟု စွပ်စွဲခံရသူ၏ မိသားစုဘက်မှ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် အစပိုင်းတွင် ဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲ ဖြစ်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တာဝန်ရှိသူများထံ တင်ပြခဲ့ပြီးနောက် ဩဂုတ်လ ၁၃ ရက်နေ့တွင် မိန်းကလေးငယ်ကို ဆေးစစ်မှု ပြုလုပ်ပေးခဲ့သည်။

သို့သော် စက်တင်ဘာလ ၅ ရက်နေ့၌ နှစ်ဘက်စလုံးကို ခေါ်ယူမေးမြန်းခဲ့ပြီးနောက် SSPP တာဝန်ရှိသူများက မိန်းကလေးငယ်ဘက်တွင် ထွက်ဆိုချက်သာရှိပြီး သက်သေအထောက်အထား မရှိသေးဟုဆိုကာ တရားရေးအရ ဆက်လက် စုံစမ်းစစ်ဆေးခြင်းထက် နှစ်ဘက်ကြေအေးရန် ဆုံးဖြတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် ကျူးလွန်သူနှင့် ကျူးလွန်ခံရသူ နှစ်ဘက်စလုံးကို ဒဏ်ကြေးအဖြစ် သဲကား ၃ စီးစီ ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ဆိုသည်။

“သက်သေမရှိဘူးဆိုပြီး နှစ်ဘက်ကြေအေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျူးလွန်သူဘက်က ဂုဏ်သိက္ခာထိခိုက်မှု အတွက် သိန်း ၁၀ လျော်ကြေးတောင်းတယ်။ လူကြီးတွေကလည်း နှစ်ဘက်စလုံး သဲကား ၃ စီးစီ လျော်ဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သဘောတူညီမှုမရလို့ လက်မှတ်မထိုးဘဲ အစည်းအဝေး ပျက်သွားတာ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။

နှစ်ဘက်စလုံးအကြား သဘောတူညီမှု မရရှိခဲ့သဖြင့် အဆိုပါအမှုမှာ ယနေ့အထိ ပြေလည်မှုမရှိသေးဘဲ မိန်းကလေးငယ်၏ မိသားစုဘက်က တရားမျှတမှုရရှိရေး ဆက်လက်ကြိုးပမ်းနေရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ SSPP ၏ အမျိုးသမီးအဖွဲ့အစည်းထံ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ရာ တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်အမှန်ကို အတည်ပြုနိုင်သည့် အချက်အလက်များ မပြည့်စုံသေးသဖြင့် ဆက်လက်စုံစမ်းနေကြောင်း ပြောသည်။

“အခုအချိန်မှာ အချက်အလက်တွေ ပြည့်ပြည့်မရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေပါတယ်။ အချက် အလက်တွေ ပြည့်စုံလာရင် ဗဟိုကို တင်ပြပြီး ကျမတို့မှာရှိတဲ့ စစ်ဥပဒေအတိုင်း ကျူးလွန်သူကို အရေးယူနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အရေးယူမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ လူကြီးတွေက ဆုံးဖြတ်သွား မှာပါ” ဟု SSPP အမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်း လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ် ၁၇၂ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး တရားမျှတမှုရရှိရေးတွင် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများနှင့် ပျက်ကွက်မှုများ ရှိနေကြောင်း ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များအနက် ၈၉ ခုမှာ အိမ်တွင်းနှင့် ရင်းနှီးသော လက်တွဲဖော်များအကြား ဖြစ်ပွားသည့် အကြမ်း ဖက်မှုများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်ရန် ကြိုးပမ်းမှု ၇၀ ခုတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀ ဦး ပါဝင်ခဲ့သည်။

ကျူးလွန်သူများ၏ ၁၅ ရာခိုင်နှုန်းမှာ စစ်အုပ်စုတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များ (EROs) အပါအဝင် လက်နက်ကိုင်အဖွဲ့များမှ ဖြစ်ကြောင်း SWAN က ဆိုသည်။

ဖြစ်စဉ်များ၏ တစ်ဝက်ခန့်သာ ဖြေရှင်းမှု သို့မဟုတ် အရေးယူမှုများ ရှိခဲ့ပြီး ဖြစ်စဉ်အများစုကို မိသားစုတွင်းကိစ္စ အဖြစ် သတ်မှတ်ခြင်း၊ အတင်းအဓမ္မ လက်ထပ်စေခြင်းနှင့် လျော်ကြေး ပေးစေခြင်းတို့ဖြင့်သာ ဖြေရှင်းခဲ့   ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

SWAN အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ပြီး ရှင်သန်လွတ် မြောက်လာသူများ အတွက် ထိရောက်သည့် တရားမျှတမှု ရရှိစေရန် EROs နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များကို တိုက်တွန်းထားသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း တာဝန်ခံမှုရှိလာရေး ဆောင်ရွက်ရန် တောင်းဆိုထားသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...