စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက် ပြုလုပ်နေပြီး ယခင်ကထက် အဖမ်းအဆီး ပိုမိုကြမ်းလာကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုခဲ့ပြီးနောက် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် ဖမ်းဆီးမှုများ ပိုမိုတွေ့လာရခြင်း ဖြစ်သည်။
ကလေးမြို့မှ ဆိုက်တွဲသမားတစ်ဦးက “အဖမ်းအဆီးက အရင်ထက်ကိုများလာတာ၊ သူတို့က ပေါ်တင်ကို ဆွဲတော့တာဆိုတော့ ဆိုက်တွဲမောင်းစားရတာလည်း မလုံခြုံလာတော့ဘူး။ ဆိုက်တွဲမဆွဲရင်လည်း စားဖို့က ခက်ခဲတယ်။ အလုပ်ကရှားသေး၊ ရှိပြန်လည်း ပေါ်တာဆွဲခံရမှာကလည်း စိုးရိမ်ရပြန်တယ်” ဟု ပြောသည်။
ကလေးမြို့တွင် စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများသည် မြို့ပေါ်နေ လူငယ်နှင့် လူလတ်ပိုင်း များကို စစ်မှုထမ်းရန်အတွက် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
အထူးသဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၊ မင်းကြီးဟိုတယ်အရှေ့၊ ပင်လုံမီးပွိုင့်၊ စံပြလမ်းထောင့် (တံတား ဦးအနီး)၊ ဘူတာလမ်းခွဲ၊ ပင်လုံလမ်းမတော် ကားလေးဝန်းထိပ်၊ တောင်သာရပ်ကွက်၊ မြို့လှလမ်းမကြီး၊ တောင် သာလမ်းချိုးများ၊ စမ်းမြို့ဘုန်းကြီးကျောင်းအရှေ့၊ ရွှေကျောင်းတော်ဘုန်းကြီးကျောင်းအနီး (ဘုံတောလမ်း ထောင့်) နှင့် တာဟန်းဘက် မြို့တွင်းလမ်းကြိုလမ်းကြားများတွင် စစ်ဆေးခြင်းနှင့် ရုတ်တရက်ဖမ်းဆီးခြင်းများ ကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
ကလေးမြို့ခံအမျိုးသမီးတစ်ဦးက “သူတို့က ရပ်ကွက်လမ်းထဲကိုတောင် တစ်ရက်မှာ ၂ ခါ၊ ၃ ခါလာတာ။ အခု ဆိုရင် စစ်သားတွေ ကိုယ်တိုင်ဖမ်းတော့တာ။ အိမ်ထောင်စုစာရင်းနဲ့စစ်ပြီး အိမ်တစ်အိမ်မှာ စစ်မှုထမ်းတဲ့အရွယ် လူငယ်တွေ ရှိတာ တွေ့ရင်တော့ သူတို့က မှတ်ထားတာ။ မရှိတဲ့သူတွေလည်း ဖမ်းမှာတဲ့။ ဘယ်တော့ ကိုယ့်အိမ် ကို စစ်မှုထမ်းခေါ်တဲ့စာ ရောက်လာမလဲမသိဘူး စိတ်တထစ်ထစ်နဲ့ နေနေရတယ်” ဟု ပြောသည်။
စစ်တပ်သည် မြို့ပေါ်နေ လူငယ်နှင့် လူလတ်ပိုင်းများကို စစ်မှုထမ်းရန်အတွက် လမ်းမကြီးများနှင့် ရပ်ကွက်များ အတွင်း အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေသည့်အပြင် လှည့်ကင်းနှင့် ကင်းပုန်းစနစ်ဖြင့် မြို့တွင်းသို့ လှည့်ပတ် ကာ သတ်မှတ်လူဦးရေ ရရှိသည်အထိ အတင်းအဓမ္မ ဖမ်းဆီးနေခြင်း ဖြစ်သည်။
ထို့ကြောင့် မိဘပြည်သူများနှင့် လူငယ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း အပြင်သွားလာရာတွင် အထူးသတိပြု ကြရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းများ မပြုလုပ်ကြရန် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီ က သတိပေးထားသည်။







