ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး အစစ်အဆေးများကိုလည်း အထူးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။
“လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်တွေလေဆိပ်ကို အရင်ကထက် ပိုပြီး အထူးတင်းကျပ် ထားပါတယ်။ အစစ်အဆေးတွေလည်း အရမ်းများတဲ့အတွက် ခရီးသွားပြည်သူတွေ အတွက် စိုးရိမ်ရတဲ့ အနေ အထား အခြေအနေမှာ ရှိနေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်တွေမြို့ ပတ်ဝန်းကျင်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တို့ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် စစ်အုပ်စုက စစ်တွေမြို့ပေါ်နှင့် လေဆိပ်ကို အခိုင်အမာ ကာကွယ်ရန် လုံခြုံရေး တိုးမြှင့်ထားခြင်းဖြစ်သည်။
စစ်တွေ ဒေသခံတစ်ဦးက “တိုက်ပွဲတွေဖြစ်နေပေမယ့် စစ်တွေလေဆိပ် လေယာဥ်ခရီးစဥ်တွေ ပိတ်ထားခြင်း မရှိပါဘူး။ အစိုးရအဖွဲ့ကလည်း လတ်တလော ထုတ်ပြန်ဖို့ မရှိသေးပါ။ ထူးခြားတာကတော့ မနက် ၇ နာရီ ပုံမှန် ဆင်းသက်နေတဲ့ ရန်ကုန်-စစ်တွေ ကုန်တင်လေယာဥ် ဆင်းသက်မှု မရှိတာ ၃ ရက်ခန့် ရှိနေပြီ” ဟု ပြောသည်။
စစ်တွေလေဆိပ်အတွင်း စစ်အုပ်စု၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က အဓိက ထိန်းချုပ်ထားပြီး ဒေသခံ ခရီးသွားများကို အထူးစောင့်ကြည့်ကာ မသင်္ကာပါက တပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမှုများ ရှိနေသည်။
ခရီးသည်များအနေဖြင့် လေဆိပ်အတွင်း တာဝန်ကျသည့် စစ်အုပ်စု အရာရှိများ၏ တရားဝင် ခွင့်ပြုချက်ရမှသာ ဆက်လက်ထွက်ခွာခွင့် ရရှိကြသည်။
ထို့ပြင် လေကြောင်းလိုင်းများဖြင့် အဝင်အထွက် ပြုလုပ်သူများကို စိစစ်မှု တင်းကျပ်ထားပြီး ဒေသခံ မွတ်စလင် များ အပါအဝင် အရပ်သားများမှာ တရားဝင် ခရီးသွားလာခွင့် အထောက်အထားများ ပြည့်စုံသော်လည်း လေဆိပ်အာဏာပိုင်များ၏ အပိုဆောင်း ကန့်သတ်ချက်များ၊ ငွေကြေးတောင်းခံမှုများနှင့် ရင်ဆိုင်နေရသည်။
စစ်တွေမြို့အတွင်း စက်တင်ဘာလ ၈ ရက်နေ့က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် စံပြကျေး ရွာ အပါအဝင် နေရာ ၅ ခုထက်မနည်း၌ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အထက (၄) တွင် ဆရာတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် မြို့ခံများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။







