ဆည်ရေလွှတ်မည့်အချိန်တွင် စိုးရိမ်ရသောကြောင့် မတ္တရာမြို့နယ်အတွင်း ကြိုတင်စောင့်ရှောက် မှုများပြုလုပ်

ဆည်ရေလွှတ်မည့်အချိန်တွင် စိုးရိမ်ရသောကြောင့် မတ္တရာမြို့နယ်အတွင်း ကြိုတင်စောင့်ရှောက် မှုများပြုလုပ်
by -
မဇ္ဈိမ
ဆည်ရေ လွှတ်မည့် အချိန်တွင် စိုးရိမ်ရသောကြောင့်  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာအား  ကြိုတင်သတိပေးမှုများနှင့် ကျန်းမာရေး စောင့်ရှောက် မှုများပြုလုပ်ပေးနေသည်ဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒုတိုင်းကျန်းမာရေး ဦးစီးမှူး ဦးမျိုးသန့်ခိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါကျေးရွာ ၁၃ ရွာသည် ဆည်တော်ကြီးဆည်၏ အောက်ဘက်တွင်တည်ရှိပြီး ဆည်ရေ လွှတ်မည့်အချိန်တွင် စိုးရိမ်ရသောကြောင့် ကြိုတင်သတိပေးမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု များကို သြဂုတ်  ၂ ရက် မှစတင်၍ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးမျိုးသန့်ခိုင် က  “မတ္တရာမြို့နယ်ထဲက ရွာတွေမှာ ကျန်းမာရေးအဖွဲ့တွေ အနေနဲ့ ရေလွှတ်ပြီဆိုတာနဲ့ ကူညီမှုတွေပေးနိုင်ဖို့။ ကူးစက်ရောဂါတွေ တားစီးဖို့အတွက် မနေ့ကစပြီး ဆောင်ရွက်နေတာပါ။ ရေကြီး ရေလျှံတဲ့အခါမှာ ဖြစ်တက်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိမှုနဲ့ ဆေးလုံလောက်မှု ရရှိရေးအတွက်ပါ ဆောင်ရွက်ထားပါတယ်”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု တောင်လယ်ကျေးရွာတွင် ဇူလိုင် ၂၄ ရက်ညက မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ခဲ့ပြီး တောင်ကျချောင်းရေကြောင့် လူ ၈ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးလျက်ရှိသည်။ ချောင်းအောက်ဖက်တွင် နေထိုင်ကြသော နေအိမ် ၃၈ လုံးလည်း ပျက်စီးခဲ့ရာ ယင်းကဲ့သို့ မဖြစ်စေရန်အတွက် ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့် သပိတ်ကျင်း မြို့နယ်တွင်လည်း  ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၃၀ ရက်က စတင် ကွင်းဆင်းစစ်ဆေး၍ ယင်းဒေသအတွက် ကူးစပ်ရောဂါကာကွယ်ရေး၊ သန့်ရှင်းသောသောက် သုံးရေ ရရှိရေး နှင့် နေအိမ်ပျက်စီးဆုံးရှုံးသူများအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဒုက္ခသည်စခန်းအဖြစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျှက်ရှိသည်ဟုလည်း ဦးမျိုးသန့်ခိုင်က ဆိုသည်။

တောင်လယ်ကျေးရွာမှ ဦးဆန်းခိုင်က “ကလေးတွေ ဝမ်းပျက်ရောဂါဖြစ်နေချိန် အခုလို လာလုပ်ပေးတော့ အဘတို့ ဝမ်းသာတာပေါ့။ အခုတော့ ကျန်းမာရေးအတွက် မစိုးရိမ်ရတော့ပါဘူး။ ဆည်ရေလွှတ်မှာကိုပဲ ကြောက်ရတော့တယ်”ဟု ပြောသည်။

ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူးကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျှက်ရှိသည်ဟု ဆိုသည်။

သြဂုတ်  ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဆည်တော်ကြီးရေသည် ၄၁၅.၅ ပေသို့ မြင့့်တက်လာပြီး ဆည်ရေပြည့်ရန် ၄.၃ ပေသာလိုသောကြောင့် ရေထွက်ဂိတ် ရ ပေါက်ရှိသည့့်အနက် ၅ ပေါက်အား တစ်ပေအကျယ်ထိဖွင့်ချခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...