ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် ပြည်သူတစ်ဦး သေဆုံးကာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံကျေးရွာသားများလည်း ထပ်မံ တိမ်းရှောင်နေကြရသည်။
ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ အရပ်သားများ ခိုလှုံနေ ထိုင်သည့် စစ်ဘေးရှောင်စခန်း ၂ နေရာနှင့် ကျေးရွာတစ်ရွာ စုစုပေါင်း နေရာ ၃ နေရာကို စစ်တပ်က လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး လေယာဉ် ဗုံးစ ထိမှန်ကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသည့်အပြင် နေအိမ်နှင့် မော်တော်ယာဉ်အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လူထု တစ်ယောက်တော့ ဆုံးတယ်။ စစ်ရှောင်မှာ လာကြဲတာ ၆ လုံး၊ ပြည်သူတစ်ဦး ဆုံးတယ်။ ရွာထဲမှာက ၂ လုံး၊ အိမ်နဲ့ ကားတော့ ပျက်စီးတယ်၊ လူထိခိုက်မှု မရှိဘူး။ ပွန်ချောင်းမှာ ၆ လုံးလောက်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆိုသည်။
ထို့ပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒေသခံလူထုများမှာ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“ကလေးအဖေက အဲ့ဒီမှာ နေခဲ့တာ။ အဲ့ဒါ လူထိခိုက်မှု မေးမလို့ဆိုပြီး ဆက်သွယ်တာ လိုင်းပေါ်မှာ မရှိကြ တော့ဘူး။ တောတောင်တွေထဲ ထွက်ပြေးကုန်ကြပြီ ထင်တယ်” ဟု ၎င်းက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များနှင့် ရွာခံများရှိရာ ကျေးရွာဘက်သို့ မိုးဗြဲမြို့တွင်း အခြေစိုက်သည့် စစ်တပ်က လက်နက်ကြီး အပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒီမှာ သုံးလုံးကျတယ်။ ဟိုးရှေ့မှာ တစ်လုံးက လူထိသွားတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်။ နဖူးကို ရှပ်ထိတယ်လို့ ပြောတယ်” ဟု မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တပ်က ကျေးရွာများဘက်သို့ ဒရုန်းဖြင့် နေ့စဉ်ကင်းထောက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ် ခြင်းနှင့် လေယာဉ်များ ဝဲပျံခြင်းတို့ကြောင့် လုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ ထပ်မံရွှေ့ပြောင်းနေရ ကြောင်း အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
“ရွှေ့ရမယ်။ မနေရဲဘူးလေ၊ ဒီမှာကျပြီဆို သူထပ်လာမှာပဲ (လက်နက်ကြီး)။ လေယာဉ်လည်း ဝဲတယ်၊ ဒရုန်း လည်း ဝဲတယ်။ ရက်တိုင်းဝဲတာ” ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့အနီးတွင် နှစ်ဖက်ပစ်ခတ်သံများကို ကြားနေရသည့်အပြင် စစ်တပ်၏ စစ်ကြောင်း နီးကပ်လာသည့် သတင်းများကြောင့် လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနှင့် ခေါင်းစံလမ်းတစ်လျှောက်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူ များသည် အခြားနေရာများသို့ ထပ်မံတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
အဆိုပါ စစ်ရေးနယ်မြေ အခြေအနေများကြောင့် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်းတောင် ခြေနှင့် ခေါင်းစံလမ်းတို့ကို လုံခြုံရေးအရ မသွားလာကြရန် မိုးဗြဲ PDF က ဇွန်လ ၃၀ ရက်နေ့ကတည်းကပင် ကြိုတင်သတိပေး ထုတ်ပြန်ထားသည်။







