နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။
အဆိုပါ ပြင်ဆင်ချက်များကို ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက လက်မှတ်ရေးထိုး၍ ဇူလိုင် ၂ ရက်တွင် အမိန့်ကြော် ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကော်မရှင်၏ ယခုလုပ်ဆောင်ချက်သည် နိုင်ငံရေးပါတီများ ရပ်တည်ရန် ခက်ခဲအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ရှိနေသော်လည်း ကော်မရှင်က မိမိသဘောဖြင့် ပြင်ဆင်ပြဋ္ဌာန်းခြင်းမှာ စစ်အစိုးရအလိုကျ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “စစ်ကောင်စီက (အသွင်ပြောင်းစစ်အစိုးရ) ခန့်ထားတဲ့ UEC ဆိုတော့ စစ်ကောင်စီရဲ့ သဘောကျ ရေးဆွဲနေတာလို့ပဲ ကျနော်တို့ မြင်တယ်ဗျ။ ဘာလို့လဲဆိုတော့ နဂိုကတည်းက ရှိပြီးသား ဥပဒေတွေကို စစ်ကောင်စီက ပိုပြီးတော့ တင်းကျပ်တယ်။ နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့အတွက် အရမ်းခက်ခဲလာအောင် ပိုပြီး လုပ်တယ်လို့ ကျနော်တို့ မြင်တယ်” ဟု ပြောသည်။
ပြင်ဆင်လိုက်သည့် နည်းဥပဒေပုဒ်မ ၂၄ (က) အရ ပါတီတစ်ခုက ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်း၊ အစားထိုးခြင်း သို့မဟုတ် နိုင်ငံရေးဝါဒသဘောတရားကို ပြင်ဆင်ခြင်းတို့ ပြုလုပ်လိုပါက ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပြီး ကော်မရှင်က စိစစ်ခွင့်ပြုမှသာ ဆောင်ရွက်ခွင့်ရှိမည် ဖြစ်သည်။

ထို့ပြင် နည်းဥပဒေပုဒ်မ ၂၄ (ခ) နှင့် (ဂ) တို့အရ ပါတီမှတ်ပုံတင်ခွင့်ရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အမည်စာရင်းကို တင်ပြရမည်ဖြစ်ပြီး၊ အဖွဲ့ဝင်အမည်စာရင်း ပြောင်းလဲလိုပါက ၇ ရက်အတွင်း အကြောင်းကြားရမည် ဖြစ်သည်။
နည်းဥပဒေပုဒ်မ ၂၄ (ဃ) တွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရည်အချင်း ပြည့်မီသူများကိုသာ ပါတီနာယကနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ရမည်ဟု သတ်မှတ်ထားသည်။
နည်းဥပဒေပုဒ်မ ၂၅ (စ) တွင်မူ ဖျက်သိမ်းခံရသည့်ပါတီတစ်ခုခုကို ကိုယ်စားပြု၍ ရွေးကောက်တင်မြှောက်ခံ ထားရသည့် ကိုယ်စားလှယ်တစ်ဦး၏ ဆက်လက်ရပ်တည်ပိုင်ခွင့်ကို ကော်မရှင်ကသာ ဆုံးဖြတ်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူက “ဥပဒေတစ်ခု ပြင်မယ်ဆိုရင် နိုင်ငံရေးပါတီတွေကို အသိပေးသင့်တယ်။ လွှတ် တော်ရှိတဲ့အတွက် လွှတ်တော်ကို အသိပေးသင့်တယ်။ အခုဟာ UEC က သူ့ဥပဒေ သူကိုယ်တိုင် ရေးဆွဲ သူ့ဟာ သူ ပြင် သူ့ဟာသူ အတည်ပြုပုံစံဖြစ်နေတယ်ဗျ။ အမှန်တကယ်ဆိုရင် ဥပဒေတွေအကုန်လုံးက လွှတ်တော် ကနေ ဘယ်အချက်ကို ရွေးကောက်ပွဲဥပဒေကနေ ပြင်မယ် ဘယ်အချက်မှာ လွှတ်တော်ကနေ တင်ရမယ်။ အခုဟာက လွှတ်တော်လည်း ရှိရဲ့သားနဲ့ လုပ်ချင်သလို လုပ်တယ်ဆိုတော့ အလကား လွှတ်တော်ဖြစ်နေတာပေါ့” ဟု ဆက် ပြောသည်။
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ ကို အသုံးပြု၍ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ယခုပြင်ဆင်လိုက်သည့် နည်းဥပဒေမှာမူ အဆိုပါ ဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးထုတ်ပြန်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အသွင်ပြောင်းစစ်အစိုးရ၏ ပြည်ထောင်စုလွှတ်တော်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအဖြစ် လွှတ်တော်၌ တင်သွင်းထားပြီး၊ ထိုဥပဒေတွင်လည်း လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်ကို ထပ်မံဖြည့်စွက်ရန် ဆောင်ရွက်နေသည်။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၄၀ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းထားသည်။







