မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ၂၇၀ ကီလိုမီတာအထိ ရှည်လျားသည့် နယ်စပ်ဧရိယာတွင် လုံခြုံရေး အာမခံချက် ရှိစေရေးအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ဘက်က ပြင်ဆင်နေပြီ ဖြစ်သည်။
အဆိုပါ ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ကျင်းပခဲ့သော ဘင်္ဂလားဒေ့ရှ် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် မြန်မာဘက်ခြမ်း နယ်စပ်ဧရိယာများသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရှိနေသဖြင့် ယခု ခြံစည်း ရိုးခတ်မည့်ကိစ္စမှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် တရားမဝင် ကျူးကျော်ဝင်ရောက်မှုများကို တားဆီးနိုင်ရန် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ဆူးကြိုးခြံစည်းရိုးများခတ်ခြင်းနှင့် ဝေးလံခေါင်သီသော တောင်တန်းဒေသများတွင် နယ်စပ်လမ်းမများ ဖောက်လုပ်ခြင်းတို့ကို လုပ်ဆောင်နေပြီဟု ဆိုထားသည်။
ထို့ပြင် နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို တားဆီးရန် အပူလှိုင်းဖမ်းစက်၊ ညကြည့်မှန်ပြောင်းများ၊ CCTV ကင်မရာများနှင့် ဒရုန်းစောင့်ကြည့်ရေးစနစ်များကိုပါ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာတစ်ကြော၌ စစ်တပ်၏ အာဏာသက်ရောက်မှု မရှိတော့ပေ။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်အုပ်စုနှင့် သံတမန်ရေးအရ ဆက်ဆံရေး ရှိနေသော်လည်း၊ လက်ရှိ နယ်စပ်ကိစ္စ သည် မြေပြင်ကို စိုးမိုးထားသည့် အာရက္ခတပ်တော်နှင့်ပါ မည်သို့မျှ မလွဲမသွေ ညှိနှိုင်းရမည့် အခြေအနေ ဖြစ်နေကြောင်း နယ်စပ်အရေး စောင့်ကြည့်သူများက သုံးသပ်ကြသည်။
၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်တစ်ဦးက “နယ်စပ်ခြံစည်းရိုးဆိုတာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး မျှသာ ဖြစ်တဲ့အတွက် တကယ့်လုံခြုံရေးဆိုတာ အုတ်နံရံမှာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ မြေပြင်ကို တကယ် စိုးမိုးထားတဲ့ အာရက္ခပြည်သူ့အစိုးရတို့ကြား တိုက်ရိုက်ပူးပေါင်း အဖြေရှာနိုင်မှသာ အလုပ်ဖြစ်မှာပါ။ ဒီအချက် မပါဘဲ ဒီစီမံကိန်းဟာ ငွေကုန်ကြေးကျများပြီး ထိရောက်မှုမရှိတဲ့ စက္ကူပေါ်လုံခြုံရေး သက်သက်သာ ဖြစ်လာ လိမ့်မယ် လို့ မြင်တယ်” ဟု ပြောသည်။
နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်သည် ဒုက္ခသည်အရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တားဆီးရေးနှင့် နယ်စပ်ဒေသအပေါ် ထိန်းချုပ်မှု ပြန်လည်ရယူရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မွတ်ဆလင်ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ရှိနေပြီး ၎င်းတို့ နေရပ်ပြန်လည် ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်ကောင်စီနှင့် မကြာခဏ ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိသည်။
သို့သော် နယ်စပ်ဧရိယာ တစ်လျှောက်တွင် မွတ်ဆလင်လက်နက်ကိုင်များ ဖြစ်သော ARSA၊ RSO၊ ARA အဖွဲ့တို့ က အာရက္ခတပ်တော်ကို မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ ရှိနေသောကြောင့် အာရက္ခတပ်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှသာ ခြံစည်းရိုးကိစ္စ အောင်မြင်နိုင်မည်ဟု နယ်စပ်ဒေသအရေး လေ့လာစောင့်ကြည့်သူများက ရှုမြင် ကြသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်အရေး စောင့်ကြည့်သူ ရခိုင်အမျိုးသားတစ်ဦးကလည်း “ဘင်္ဂလားဒေ့ရှ်အနေနဲ့ လုံခြုံရေး အရပဲ ဖြစ်ဖြစ်၊ ထိန်းချုပ်မှုပြန်လည်ရယူဖို့ လုပ်တာပဲဖြစ်ဖြစ် နယ်စပ်ခြံစည်းရိုးကာမယ်ဆိုတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ပြီး ထိရောက်အောင်လုပ်ဖို့ဆိုရင် အဓိက ဧရိယာကို ထိန်းချုပ်ထားတဲ့ AA နဲ့ မဖြစ်မနေ ဆက်ဆံဖို့တော့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ AA ကို တရားဝင် အစိုးရအဖြစ် မသတ်မှတ်ဘူးလို့ပြောပြော သူမပါဘဲတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစီအစဉ်က အထမြောက်နိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ် အနေဖြင့် ခြံစည်းရိုးကာခဲ့သော်လည်း ယခုဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေများကြောင့် ပြောင်းလဲမှုရှိလာမည်မဟုတ်ဘဲ AA နှင့် ဆွေးနွေးပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်မှသာ နယ်စပ်ပြဿနာကို အတန်အသင့် လျှော့ချနိုင်မည်ဟု လေ့လာသူများက ယူဆကြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အာရက္ခတပ်တော်ကို တရားဝင်အစိုးရအဖြစ် ထင်သာမြင်သာ ထုတ်ဖော်ပြသပြီး ဆက်ဆံခြင်း မရှိသော်လည်း၊ မြေပြင်အခြေအနေအရ ပူးပေါင်းဆောင်ရွက်မှုအချို့ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အခြားတစ်ဖက်တွင်မူ ခြံစည်းရိုးခတ်မည့် သတင်းများထွက်ပေါ်လာပြီးနောက် စစ်တပ်က မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာသည်။
အဆိုပါ လုပ်ရပ်သည် ဘင်္ဂလားဒေ့ရှ်၏ ခြံစည်းရိုးခတ်မည့် စီမံကိန်းအပေါ် တစ်ဖက်တစ်လမ်းမှ နှောက်ယှက်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးအကဲခတ်သူများက သုံးသပ်ကြသည်။
ယခုအခါ နယ်စပ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားသော အာရက္ခတပ်တော်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေး အတွက် စစ်ဗျူဟာအရ အရေးပါသော နေရာများတွင် အမြဲတမ်းစခန်းများနှင့် ယာယီကင်းစခန်းများကို တိုးမြှင့် ချထားရန် လိုအပ်နေသည်။
ထို့ပြင် ဒေသခံများနှင့် ပူးပေါင်းကာ နယ်စပ်ဒေသခံ စောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့စည်းထားသင့်ကြောင်း နယ်စပ်အရေး လေ့လာစောင့်ကြည့်သူများက အကြံပြုထောက်ပြထားကြသည်။







