မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန် သွင်းကုန်လိုင်စင်များ ထုတ်ပေးရန် ကြန့်ကြာနေသဖြင့် ဒေသတွင်းကုန်သွယ်မှု ရပ်တန့်နေဆဲဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်သည်အများစုက တရားဝင် ကူးသန်းရောင်း ဝယ်ခွင့်ရရှိရေးအတွက် လိုင်စင်များ လျှောက်ထားသော်လည်း၊ သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ခွင့်ပြုပေးရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း မြဝတီကုန်သည်တစ်ဦးက ပြောသည်။
“တံတား ဖွင့်ပြီးတဲ့နောက်မှာ တရားဝင်လိုင်စင်လည်း မချရသေးဘူးဆိုတော့ အရင်လိုင်စင်ရထားတဲ့သူတွေပဲ တင်ဆောင်နေကြတယ်။ အကယ်လို့ မြန်မာဘက်က တရားဝင်လိုင်စင်ချပြီးမှ စိတ်ကြိုက်သွားလာ သယ်ဆောင် ခွင့်ချပြီးမှ နယ်စပ်ကုန်သွယ်ရေးက အဆင်ပြေလာမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထိန်းချုပ်ရန် ထုတ်ပြန်သည့် မူဝါဒများကြောင့် ကုန်စည်ထုတ်လုပ်မှု အပေါ် ရိုက်ခတ်မှုရှိလာသည်ဟုလည်း ကုန်သည်များက သုံးသပ်ကြသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်ရေး ကြီးထွားနေဆဲဖြစ်ပြီး၊ အချိန်နှောင့်နှေးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုများ ကိုလည်း ရင်ဆိုင်နေရကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ထို့ပြင် မြဝတီ-ကော့ကရိတ်-ဘားအံ လမ်းကြောင်းတစ်လျှောက်တွင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်း တင်ဆောင်လာ သည့် ယာဉ်များကိုလည်း စစ်တပ်က နေ့စဉ်နီးပါး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။
နယ်စပ် ကုန်သည်တစ်ဦးက “မြဝတီကနေ ဆင်းလာတဲ့ ပစ္စည်းတွေဆို တော်တော်စစ်တယ်။ ထိုင်းပစ္စည်းတွေ တွေ့တာပဲ သိမ်းပြီး ဖမ်းတာပဲ၊ အချို့က ငွေနဲ့ပြန်ရွေးလို့ရတယ်။ တချို့ကတော့ သိမ်းခံထိတာပဲ” ဟု ပြော သည်။
ထိုသို့ ဖမ်းဆီးမှုများသည် ပုံမှန်အခွန်ကောက်ခံရရှိသည့် ငွေကြေးထက် ပိုမိုရရှိနိုင်သည့် အကျိုးအမြတ်များ ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကုန်သည်အချို့က ထောက်ပြကြသည်။
အမှတ် (၂) တံတားသည် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ လူသုံးကုန်၊ စားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းအများအပြား ဝင်ရောက်ရာ လမ်းကြောင်းလည်း ဖြစ်သည်။
ယခင်က နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ၁၀ လကြာ ပိတ်ထားခဲ့ရာမှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Thai PBS North သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းကုန်စည်များ ပိတ်ဆို့ကြန့်ကြာနေခြင်းအပေါ် သက်ဆိုင် ရာ အစိုးရအနေဖြင့် ဖြေရှင်းပေးရန်နှင့် ကန့်သတ်ချက်မူဝါဒများ ပြန်လည်သုံးသပ်ပေးရန် ထိုင်းလုပ်ငန်းရှင်များ ဘက်မှ တောင်းဆိုထားကြောင်း တွေ့ရှိရသည်။
မြဝတီနယ်စပ်မှ သွင်းကုန်အနေဖြင့် ထိုင်းဘတ်ငွေ ၆၂၀ တန်ဖိုးအထိ သွင်းကုန်လိုင်စင် ခွင့်ပြုထားပြီး၊ ကုန် ပစ္စည်း အများစုသည် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုထုတ်ကုန်ကြမ်းများဖြစ်ကြောင်း စစ်အုပ်စု လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း မြေပြင်တွင် ပို့ကုန်သွင်းကုန်လိုင်စင်များ ပိတ်ထားဆဲဖြစ်ပြီး၊ စစ်အုပ်စုနှင့် ပတ်သက် ဆက်နွှယ် သူများကိုသာ လိုင်စင်များ ချပေးနေကြောင်း ကုန်သည်များက ဆိုသည်။







