သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က ရွာသားတစ်ဦး ကို ဖမ်းဆီးကာ ငွေကျပ် ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့် သတင်းဌာနက ကို ပြောသည်။
အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို စစ်ဆေးမှု တင်းကြပ်ထား ပြီး၊ သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ ရှိနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည် ခြံစိုက်ခင်းမှ နောက်ကျပြီး ပြန်လာသော ကြောင့် ဖမ်းဆီးစစ်ဆေးခြင်းခံရပြီး၊ ငွေကျပ် ဆယ်သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း အင်းလေးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“အဲဒီဂိတ်က အရမ်းဆိုးတယ်။ ခြံကပြန်တာ မိုးချုပ်လို့ဆိုပြီး ပေးမပြန်ဘူး၊ ဖမ်းထားတယ်။ ပိုက်ဆံ ဆယ်သိန်း ပေးရင် ပေးပြန်မယ်ဆိုလို့ ပေးခဲ့ရတယ်။ ငါးဖမ်းနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းပြီး ရှေ့တန်းပို့လိုက် တယ်။ အဲဒီဂိတ်ကိုတောင် မဖြတ်ချင်ဘူး၊ သွားစရာလမ်းမရှိလို့သာ အသုံးပြုနေရတာ။ သူတို့မကြည်ရင် ရစ် တယ်၊ ဖမ်းတယ်။”
ထို့ပြင် မိဘနှင့် စကားများရန်ဖြစ်သူ အမျိုးသားတစ်ဦးနှင့် ရွှေခိုးသူတစ်ဦးတို့ကိုလည်း အဆိုပါဂိတ်သို့ သွား ရောက်အပ်နှံခဲ့ရာ ၎င်းတို့ကိုပါ ရှေ့တန်းသို့ ပို့ဆောင်လိုက်ကြောင်း အဆိုပါဒေသခံအမျိုးသားက ဆက် ပြော သည်။
ဆက်လက်ပြီး အင်းလေးဒေသတွင် ကျေးရွာအလိုက် စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ ထည့်ဝင်နေရသည့်အပြင်၊ စက်လှေအခွန်ခများကိုပါ ပေးဆောင်နေရကြောင်း ဒေသခံများ ဆိုသည်။
အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက “စစ်မှုထမ်းကြေးကို တစ်လတစ်ခါ ပေးရတယ်။ လှေရှိရင် လှေအခွန်ဆို ပြီး သူတို့တောင်းသလောက် ပေးရတယ်။ ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ပစ္စည်းအကုန် စာရင်းကောက်ပြီး သူတို့တောင်း ချင်တဲ့ အခွန်ဆို တောင်းတာပဲ” ဟု ပြောသည်။
အင်းလေးဒေသတွင် နေ့စားခတစ်နေ့လျှင် ငွေကျပ် တစ်သောင်းသာ ရရှိပြီး စားဝတ်နေရေး အဆင်ပြေစေရန် ရုန်းကန်နေရသဖြင့် အဆိုပါ စစ်မှုထမ်းကြေးနှင့် အခွန်ခများကို ငွေတိုးဖြင့် ချေးငှားယူနေရကြောင်း ၎င်း အမျိုးသမီးက ရှင်းပြသည်။
အလားတူ ပြီးခဲ့သည့် မေလပထမပတ်တွင်လည်း စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျှောဆယ်ယူ သည့် ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ရာ လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်သည်။







