စတားလင့်ခ်ပိတ်ခံရ၍ ပုလဲပအဖ အသုံးပြုသူစာရင်း စတင်ကောက်ယူ

စတားလင့်ခ်ပိတ်ခံရ၍ ပုလဲပအဖ အသုံးပြုသူစာရင်း စတင်ကောက်ယူ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုနေသည့် Starlink ဂြိုဟ်တုအင်တာနက်စက်အချို့ ဒေသကန့်သတ် ချက် (Region Restricted) ပြသကာ အသုံးပြု၍မရတော့သည့်နောက်၊ ပြန်လည်အသုံးပြုနိုင်ရေးအတွက် စက် အသုံးပြုသူများ၏ အချက်အလက်များကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က စတင် စာရင်း ကောက်ယူနေသည်။

ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က “မြို့နယ်ထဲမှာ စတားလင့်ခ် အပိတ်ခံရတဲ့စက်တွေရှိရင် သူတို့ရဲ့ အချက်အလက်တွေ ကျနော်တို့ဆီ ပို့ပေးဖို့ပေါ့၊ အဲဒီအချက်အလက်တွေကို ပအဖအနေနဲ့ NUG ရဲ့ ဆက်သွယ် ရေး ဝန်ကြီးဌာနကို တင်ပေးမှာပါ၊ ဝန်ကြီးဌာနကနေ စက်တွေပြန်လည်သုံးစွဲလို့ရအောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိ စာရင်းကောက်ယူမှုသည် တိုင်းနှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ ကောက်ယူရရှိသည့် အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ပိတ်သိမ်းခံထားရသည့် စက်များကို မည်သို့ ပြန်လည်အသုံးပြုနိုင်မည်ဆိုသည်ကို NUG ဘက်က တရားဝင် အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း SpaceX ကုမ္ပဏီနှင့် တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်နိုင်သည့် အလားအလာရှိသည်ဟု ယူဆကြောင်း ဦးဇော်ထက်က ပြောဆိုခဲ့သည်။

Starlink ဝန်ဆောင်မှုကို ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီသည် တရားဝင်ဝန်ဆောင်မှုပေးခွင့်မရှိသေးသည့် နိုင်ငံ များနှင့် ကန့်သတ်နယ်မြေများ (Restricted Locations) တွင် ဝန်ဆောင်မှုကို ကန့်သတ်လေ့ရှိပြီး၊ ဇူလိုင်လ အစပိုင်းမှစတင်ကာ မြန်မာနိုင်ငံရှိ ဒေသအချို့တွင် အသုံးပြုနေသည့် Starlink စက်များမှာ Region Restricted ဟု ပြသကာ အသုံးပြု၍မရတော့ကြောင်း အသုံးပြုသူများက ပြောသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် ပုလဲမြို့နယ် ပအဖ ၏ ကြေညာချက်အရ စက်ပိတ်သိမ်းခံရသူများ သည် ပိုင်ရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ စက်အမျိုးအစားနှင့် Dish Serial Number (Dish SN) အပါအဝင် အချက်အလက် ၁၂ မျိုးကို ပေးပို့ရမည် ဖြစ်သည်။

စစ်တပ်က အင်တာနက် ဝန်ဆောင်မှုများကို ကန့်သတ်ဖြတ်တောက်ထားသည့် တော်လှန်ရေး ထိန်းချုပ်နယ်မြေ များတွင် Starlink သည် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းများအတွက် အဓိကဆက်သွယ်ရေး အခြေခံအဆောက်အအုံတစ်ခု ဖြစ်နေသည်။

ပုလဲပအဖတာဝန်ခံ ဦးဇော်ထက်က “Starlink သုံးလို့မရတော့ရင် ဆက်သွယ်ရေး၊ သတင်းစီးဆင်းမှုနဲ့ အွန်လိုင်း ငွေလွှဲငွေထုတ်လုပ်ငန်းတွေမှာ ချက်ချင်းသက်ရောက်မှု ရှိလာနိုင်ပါတယ်” ဟု ဆက် ပြောသည်။

ပုလဲမြို့နယ် ပအဖ အနေဖြင့် လက်ရှိအချိန်အထိ မြို့နယ်အတွင်း အသုံးပြုနေသည့် Starlink စက်များကို မှတ်ပုံ တင်ခြင်း (Registration) သို့မဟုတ် လစဉ်အခွန်ကောက်ခံခြင်းများ တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိကြောင်း လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...