ကျိုက်ထိုတွင် ဈေးဆိုင်ကို စစ်တပ်ဗုံးကြဲ၍ ဆိုင်ရှင်သေဆုံးပြီး ထိခိုက်မှုများရှိ

ကျိုက်ထိုတွင် ဈေးဆိုင်ကို စစ်တပ်ဗုံးကြဲ၍ ဆိုင်ရှင်သေဆုံးပြီး ထိခိုက်မှုများရှိ

မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ ၃ ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆိုင်ရှင်အမျိုးသမီး သေဆုံးပြီး အခြားထိခိုက်ဒဏ်ရာရမှု များ ရှိခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္ဈိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ကျိုက်ထိုသတင်းရင်းမြစ်တစ်ခုက “ဒီနေ့ ညနေပိုင်းက ကြဲတာ ၄ နာရီလောက်ရှိမယ်။ ဆိုင်ရှင် အမျိုးသမီး သေတယ်။ တခြားထိတာတွေလည်း ရှိတယ်” ဟု ပြောသည်။

ဗုံးကြဲခံရသည့် ဈေးဆိုင်မှာ လူဝင်လူထွက်များပြားသည့် လမ်းဆုံနေရာတွင် ရှိနေသဖြင့် တိုက်ခိုက်ခံရချိန် အတွင်း ဈေးဝယ်သူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

အခြားသတင်းရင်းမြစ်တစ်ခုကလည်း “အဲဒီဈေးဆိုင်က သာမန်အရပ်သားဈေးဆိုင်လေးပဲ။ လူဝင်လူထွက်က တော့ များတယ်။ ရွာတွေနဲ့ အဝင်အထွက်ဘက်နဲ့ ဆုံရာနေရာမှာရှိတော့ အထိုင်များကြတယ်။ ဒီနေ့လည်း လာကြဲတဲ့အချိန် ဆိုင်ထဲ ဈေးဝယ်တွေရှိနေတယ်တဲ့။ ဘယ်လောက်ထိသွားလဲတော့ သေချာမသိသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းကလည်း တော်လှန်ရေးရဲဘော်များ ခရီးတစ်ထောက်နားနေသည့် ကျိုက်ထို မြို့နယ်၊ ချောင်းစောက်ရွာရှိ ဈေးဆိုင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ဆိုင်ရှင်နှင့် တော်လှန်ရေးရဲဘော် ဆယ်ဂဏန်းနီးပါး ထိခိုက်သေဆုံးခဲ့ဖူးသည်။

ယခု ဗုံးကြဲခံရသည့် ဇီးကုန်းကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်း ပါဝင်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ သွားလာလှုပ်ရှားရာ နေရာဖြစ်သည်။

လက်ရှိတွင် စစ်တပ်က ငှက်ပျောတောကျေးရွာ အထက်ပိုင်းဒေသများကို ပြန်လည်စိုးမိုးနိုင်ရန် မြေပြင်မှ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...