စတားလင့်စက်များ အပိတ်ခံရ၍ နယ်စပ်တွင် ဆက်သွယ်ရေးပြတ်တောက်မည် စိုးရိမ်

စတားလင့်စက်များ အပိတ်ခံရ၍ နယ်စပ်တွင် ဆက်သွယ်ရေးပြတ်တောက်မည် စိုးရိမ်
ဓါတ်ပုံ - Facebook
ဓါတ်ပုံ - Facebook

ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်း၌ အသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက်စက် အချို့ကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ SpaceX (စပေ့အိပ်စ်) ကုမ္ပဏီက ပိတ်ဆို့နေသဖြင့် ဆက်သွယ်ရေး ပြတ်တောက်သွားမည်ကို အသုံးပြုသူများ စိုးရိမ်နေကြသည်။

SpaceX ကုမ္ပဏီသည် လက်ရှိတွင် စတားလင့်ဝန်ဆောင်မှု မပေးထားသော ဒေသများ၌ အသုံးပြုနေခြင်း၊ စက် များကို မူရင်းမှတ်ပုံတင်ထားသော နိုင်ငံပြင်ပတွင် အသုံးပြုသည့် သတ်မှတ်ရက် ပြည့်သွားခြင်းနှင့် နိုင်ငံရေး အရ အသုံးပြုခွင့် ကန့်သတ်လိုက်ခြင်း စသည့်အကြောင်းပြချက်များဖြင့် သုံးစွဲသူများထံ အီးမေးလ်ဖြင့် အကြောင်း ကြားစာများ ပေးပို့နေခြင်း ဖြစ်သည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်၌ အသုံးပြု၍ရသည့် Starlink (စတားလင့်) စက်များ နည်းပါးလာသဖြင့် လုံခြုံရေးနှင့် စစ်ရေးသတင်းများ စိုးရိမ်နေရချိန်တွင် အင်တာနက်ပြတ်တောက်မှု ဖြစ်ပွား မည်ကို စိုးရိမ်ကြောင်း မြို့ခံတစ်ဦးက IMNA သို့ ပြောသည်။

“ကျနော်တို့ဘက်မှာလည်း သုံးမရတာတွေ၊ လိုင်းမရတော့တာတွေများတယ်။ တစ်ပတ်လောက်ရှိပြီ အဲ့လို ဖြစ် နေတာလေ။ ဒီနေ့ကတော့ အရမ်းဆိုတာပေါ့။ ကျနော်တို့မှာလည်း အခုကြားနေတဲ့ ဘုရားသုံးဆူဘက်က သတင်းတွေ အမျိုးမျိုးဖြစ်နေတော့ ဒီကာလမှာ နည်းနည်းတော့စိုးရိမ်ရတာပေါ့” ဟု မြို့ခံတစ်ဦးက ပြော သည်။

အသုံးပြု၍ရသည့် စတားလင့် စက်အရေအတွက် နည်းပါးလာသည်နှင့်အမျှ နောက်ပိုင်းတွင် ဈေးနှုန်းကြီးမြင့်စွာ ပေးချေ၍ အသုံးပြုရမည်ကိုလည်း စိုးရိမ်နေကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ ဖြိုခွင်းခံရမှုကြောင့် ဆက်သွယ်ရေး အခက်အခဲ ဖြစ်ခဲ့ရသည့် ဘုရားသုံးဆူ ဒေသခံများသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နယ်စပ်မှတစ်ဆင့် Starlink တင်သွင်းရောင်းချသူများ၏ အကူအညီဖြင့် စတားလင့်အင်တာနက်ကို စက်ရုံ၊ အလုပ်ရုံ၊ အဆောင်နှင့် နေအိမ်များအားလုံးနီးပါးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

လက်ရှိအချိန်အထိ အပိတ်ခံရသော စက်များတွင် သုံးစွဲသူမှတ်ပုံတင် (Activate) မလုပ်ရသေးသော စက်အသစ် များ ပါဝင်သကဲ့သို့ မှတ်ပုံတင်ပြုလုပ်ထားပြီးသား စက်များလည်း ပါဝင်နေသည်ဟု နည်းပညာကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

“အဓိက ပါကင်ဖောက်စက်အသစ်တွေဆို ဖွင့်မရတာမျိုးပေါ့နော်။ ဒုတိယတစ်မျိုးကျတော့ ခွင့်ပြုချက် မရှိတဲ့ နိုင်ငံမှာ သုံးနေတယ်ဆိုပြီးတော့ အီးမေးလ်နဲ့သတိပေးတာ၊ အဲ့လိုအလုံးတွေကျတော့ ဖွင့်ထားတာ တစ်လ နှစ်လ လောက်ပဲ ရှိသေးတဲ့အလုံးတွေပေါ့။ တတိယတစ်မျိုးကျတော့ သုံးစွဲခွင့်လုံးဝမရှိတဲ့နိုင်ငံမှာဆိုပြီးတော့ လုံးဝ ပိတ်ချလိုက်တာ” ဟု ၎င်းက ရှင်းပြသည်။

ယနေ့အခြေအနေအရ ကန့်သတ်ချက် (Restricted) ဖြစ်သည့် စက်အရေအတွက်နှင့် သတိပေးစာ (Message) ဝင်လာသည့် အရေအတွက် နည်းပါးသွားသော်လည်း အခြေအနေမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်သည်။

ယခုကဲ့သို့ စတားလင့်စက်များ ပိတ်ဆို့ခံရမှုမှာ မြန်မာနိုင်ငံကဲ့သို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေသည့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ကြုံတွေ့နေရခြင်းဖြစ်သည်။

စတားလင့်၏ ဝန်ဆောင်မှု မူဝါဒများ တင်းကျပ်လာခြင်းသည် အွန်လိုင်းငွေလိမ် (ကျားဖြန့်) ဂိုဏ်းများက စတား လင့် အင်တာနက်စက်များကို အသုံးများလာခြင်း၊ စစ်အုပ်စုလော်ဘီများက စတားလင့်အသုံးပြုမှုကို တင်းကျပ် ရန် တောင်းဆိုနေခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက ယူဆကြသည်။

မြန်မာနိုင်ငံရှိ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသအများစုတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ခံရသည့်အပြင်၊ နယ်စပ်ကျားဖြန့် ရှင်းလင်းရေးလုပ်ငန်းစဉ်များကြောင့် မြန်မာပြည်တောင်ပိုင်းဒေသတွင် စတားလင့် အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာနေသည်။

July 2, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာများပေးပို့ခြင်းနှင့်...
July 1, 2026
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့...
ပုံ-Mon National High school Weng Sa Paw
June 30, 2026
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၆ ခုနှစ်...
June 29, 2026
မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၅၆ ဒသမ ၁၉...