ဘီးလင်း ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ

ဘီးလင်း ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးတာနဲ့ ပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချခဲ့တာပါ။

အဲဒီဗုံးကြဲမှုကြောင့် ရွှေမျောလုပ်သား အသက် ၄၂ နှစ်အရွယ် ဦးဝင်းသန်း သေဆုံးခဲ့ပြီး ရွှေမျောလုပ်သား အမျိုးသား၊အမျိုးသမီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ရွှေလောင်းအင်း၊ ပြင်၊ ညာစူထာ၊ဝင်းကတိုက်နဲ့ဇီးကုန်းကျေးရွာအနီးက ရွှေလုပ်ကွက် ၁၂ ခုက ရွှေမျောဖောင် ၂၀ နီးပါး ပျက်စီးခဲ့သလို နေအိမ်အဆောက်အဦး ငါးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ရွှေမျောလုပ်ကွက်တွေ ဗုံးကြဲမှုဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တရားမဝင် ရွှေတူးဖော်မှုတွေကို နှိမ်းနင်းဖို့ ညွှန်ကြားကြောင့် ဖြစ်ပါတယ်။

ဘီးလင်းက ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရတာကြောင့် ရွှေမျောလုပ်ကွက် အများစု ယာယီပိတ်သိမ်းထားပြီး ဒေသခံ တစ်ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ဘီးလင်းမြို့နယ် ဝင်းကလေးကျေးရွာအနီးရှိ တရုတ် ရွှေမျော လုပ်ကွက်တွေ လေကြောင်းဗုံးကြဲခံရတာကြောင့် ရွှေမျောလုပ်သား ငါးဦး သေဆုံးပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ရွှေမျောလုပ်သား ဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ ရွှေမျောလုပ်ကွက် ၁၀၀ ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီလုပ်ကွက်တွေမှာ တရုတ်နိုင်ငံသား အများအပြား လာရောက် လုပ်ကိုင်နေပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...