ပုံးအင်းဒေသ စပါးဈေးနှုန်းကျ၍ လယ်သမားများ အရှုံးပေါ်နေ

ပုံးအင်းဒေသ စပါးဈေးနှုန်းကျ၍ လယ်သမားများ အရှုံးပေါ်နေ

စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။

လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅ ခုနှစ်က တစ်ပိဿလျှင် ၂၅၀၀ ကျပ် ရရှိခဲ့သည့် ဈေးနှုန်း နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် ကျဆင်းသွားကြောင်း ပုံးအင်းဒေသ လယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွှေအပ်စပါးက အခုဆိုဈေးက ၁၀၀၀ကျပ် ပဲ ရတော့တယ်။ဒီဈေးနဲ့ဆိုတော့ လယ်သမားတွေ တကယ် အရှုံးပေါ်နေပါပြီ။စပါးရိတ်သိမ်းချိန်မှာလည်း စက်သုံးဆီဈေးကြီးတယ်၊ အလုပ်သမားလည်း ရှားတယ်၊ နေ့စားခလည်း ဈေးကြီးတယ်။ရိတ်ပြီး ရောင်းမယ့်အချိန်ရောက်တော့လည်း ဈေးမကောင်းဘူး၊ ဝယ်မယ့်သူလည်း မရှိဘူး” ဟု ပုံးအင်းဒေသ လယ်သမားတစ်ဦးကပြောသည်။

စပါးစိုက်ပျိုးရာတွင် ထွန်ယက်ခြင်း၊ အလုပ်သမားခနှင့် အခြားကုန်ကျစရိတ်များအတွက် အလုပ်သမားတစ်ဦးလျှင် ၃ သောင်းခွဲခန့် ပေးရပြီး တစ်ဧကလျှင် ၁၀ သိန်းဝန်းကျင် ရင်းနှီးမြှုပ်နှံရကြောင်း ၎င်းကပြောသည်။

လက်ရှိ ရိတ်သိမ်းပြီး ရောင်းချချိန်တွင် ဈေးနှုန်းကျဆင်းနေသဖြင့် ရင်းနှီးထားသည့် ကုန်ကျစရိတ်ပင် ပြန်မရဘဲ အရှုံးပေါ်နေကြောင်း ပုံးအင်းဒေသ လယ်သမားတစ်ဦးက ဆက်ပြောသည်။

“ဆန်ကို ဝယ်စားတဲ့သူတွေ အတွက်လည်း ဈေးကကြီးတယ်။ရောင်းတဲ့သူတွေအတွက်တော့ ဈေးမကောင်းဘူး။ ဈေးကွက်မကောင်းတာကြောင့် တချို့လယ်သမားတွေ အကြွေးတင်နေကြတယ်” ဟု ပုံးအင်းဒေသ လယ်သမားတစ်ဦးက ပြောသည်။

သျှမ်းပြည် တောင်ပိုင်းရှိ ပုံးအင်းဒေသသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်ကြသည်။

ထိုဒေသထွက် ဆန်စပါးများကို ပင်လုံ၊ လွိုင်လင်၊ တောင်ကြီးမြို့နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အများအပြား တင်ပို့ရောင်းချကြပြီး “နောင်မွန်ဆန်” ဟုလည်း လူသိများကြောင်း သိရသည်။

ယခုနှစ်အတွင်း ဆန်စပါးဈေးနှုန်းများအပြင် ပြောင်း၊ အာလူး၊ ခရမ်းချဉ်သီး နှင့် စသည့် သီးနှံများ ဈေးနှုန်းလည်း ဆက်တိုက်ကျဆင်းနေသဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်မရရှိဘဲ အရှုံးနှင့်ရင်ဆိုင်နေရသည်။

ထို့အပြင် ဝင်ငွေမလုံလောက်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း အခက်အခဲများကြောင့် လယ်ယာမြေ အများအပြားကို စွန့်ပစ်ထားရပြီး၊ဒေသခံအများမှာ အလုပ်အကိုင်ရှာဖွေရန် အခြားဒေသ နှင့် ပြည်ပနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်နေကြကြောင်း ဒေသခံများကပြောသည်။

June 26, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့်...
June 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၉)တပ်ရင်း မှာ...
June 23, 2026
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက...