ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက် တိုက်ပွဲဝင်မည်

ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက် တိုက်ပွဲဝင်မည်

ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်၊ ပြည်သူလူထုနှင့်အတူ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု ချင်းကျောင်းသားသမဂ္ဂက ကြေညာသည်။ 

ဇွန်လ ၂၆ ရက် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့တွင် ချင်းကျောင်းသားသမဂ္ဂ (Chin Student’s Union of Myanmar) က ထုတ်ပြန်ခြင်းဖြစ်သည်။ 

ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရသည်မှာ နှစ်ပေါင်း ၅၀ ပြည့်မြောက်ပြီဖြစ်သော်လည်း နိုင်ငံသည် စစ်အာဏာရှင် စနစ်အောက်မှ အပြည့်အဝ လွတ်မြောက်နိုင်ခြင်း မရှိသေးကြောင်း ချင်းကျောင်းသားသမဂ္ဂက ဆိုသည်။ 

“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ကျောင်းသားများ၊ လူငယ်များနှင့် ပြည်သူလူထုသည် စစ်တပ်၏ အကြမ်းဖက်မှု၊ မတရားဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ဆက်လက်ရင်ဆိုင်နေကြရသည်” ဟု CSU Myanmar က ထုတ်ပြန်ထားသည်။ 

စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင် တော်လှန်ခဲ့သော ချင်းကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သော ဆလိုင်းတင်မောင်ဦးသည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူထု၏ အခွင့်အရေးများအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်သူရဲကောင်း ဖြစ်သည်ဟု သိရသည်။ 

ဆလိုင်းတင်မောင်ဦးသည် ကွပ်မျက်ခံရမည့်အချိန်တွင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ်ဓါတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။ 

ဆလိုင်းတင်မောင်ဦး၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်တို့သည် ကျွနိုပ်တို့ ကျောင်းသားလူငယ်များ၏ စိတ်နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်ဟု CSU Myanmar က ဆိုသည်။ 

၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့သူ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာကို အထူးပြုလေ့လာရင်း ကျောင်းသားလှုပ်ရှာမှုများတွင် ပါဝင်ခဲ့သော ချင်းကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ 

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နှင့်  အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သည်ဟု ဗကသများအဖွဲ့ချုပ် (ABFSU) ထံမှ သိရသည်။ 

ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာလည်း ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဆလိုင်းတင်မောင်ဦးသည် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်‌မြှောက်ခံခဲ့ရသည်ဟု သိသည်။ 

၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပထမအကြိမ် ဖမ်းဆီးခံရပြီး ၂ နှစ်ကြာ အကျဉ်းချခံရသည်၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် လှုပ်ရှားမှုတွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ယင်းဖမ်းခံရချိန်တွင် စစ်အာဏာရှင် စစ်အစိုးရ၏ မတရား ကြိုးပေးသတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

မှိုင်းရာပြည့် လှုပ်ရှားမှုဖြင့် ဆလိုင်းတင်မောင်ဦး အဖမ်းခံရချိန်တွင် ဆလိုင်းတင်မောင်ဦး၏ ဖခင်၊ မိခင်၊ ညီနှင့် ၉တန်းကျောင်းသူအရွယ် ညီမ တို့ပါ အဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ချုပ် နေဝင်း စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့ကာ မိသားစုဝင်များကို ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ် စသည့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။ 

“စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ သေဒဏ်နဲ့ ပတ်သတ်ပြီး စစ်အစိုးရ ဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက "မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ်။ ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်‌နေ့မှာ စစ်ထောက်လှမ်းရေးတစုက ဆလိုင်းတင်မောင်ဦးကို  အင်းစိန်ထောင်‌ထဲမှာပဲ လူမသိသူမသိ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်” ဟု ဗကသများအဖွဲ့ချုပ် (ABFSU)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ 

ဆလိုင်းတင်မောင်ဦးသည် စစ်အာဏာရှင်စနစ် အုပ်စိုးမှု သမိုင်းအတွင်း ပထမဆုံး ကြိုးပေးသတ်ဖြတ်ခံရသည့် ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင်အစိုးရ အဆက်ဆက်သည် ဆလိုင်းတင်မောင်ဦးကို သတ်ဖြတ်ခဲ့သော နေ့ရက်ကို ယနေ့တိုင် တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။ 

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 22, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...