ရွှေကူတွင် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်ခြင်းမပြုရန် KIA သတိပေးထုတ်ပြန်

ရွှေကူတွင် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်ခြင်းမပြုရန် KIA သတိပေးထုတ်ပြန်

ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့် စစ်အုပ်စုနှင့် လုံးဝ ပတ်သက်ဆက်နွယ်ခြင်း မပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် KIA အမှတ် (၁၂) တပ်ရင်းမှူးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါ သတိပေးချက်တွင် ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်ကြသော မိဘပြည်သူများနှင့် ရွှေတူးဖော်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူအားလုံး စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်မှု မပြုလုပ်ကြရန် တားမြစ်ထားသည်။

မြေပြင်တွင် KIA ၏ ထုတ်ပြန်ချက်ကို လိုက်နာရန် လုပ်ငန်းရှင်များအတွက် အခက်အခဲရှိကြောင်း ဒေသခံက ဆိုသည်။

“သိကြပါတယ် မဖြစ်နိုင်ပါဘူး။ စကစ ခွင့်ပြုချက်မရရင် အန္တရာယ်ရှိနိုင်ပါတယ်။ သူတို့နယ်မြေမှာတူးတဲ့သူတွေတောင် ခွင့်ပြုချက်ယူရတယ်လို့ သိရပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

၎င်းအပြင် စစ်အုပ်စုထံ သတင်းပေးခြင်း၊ သတင်းယူခြင်းနှင့် ဒလန် (သူလျှို) လုပ်ငန်းများ လုပ်ဆောင်ခြင်းမျိုးကို လုံးဝမပြုလုပ်ကြရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခင် ပတ်သက်ဆက်နွယ်မှုများ ရှိခဲ့ဖူးသူများအနေဖြင့်လည်း ယခုသတိပေးစာ ထုတ်ပြန်ပြီးသည့် နောက်ပိုင်းမှစတင်ကာ ပတ်သက်ဆက်နွယ်ခြင်းများကို လုံးဝ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

အကယ်၍ အဆိုပါ တားမြစ်ချက်များကို မလိုက်နာပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIA အမှတ် (၁၂) တပ်ရင်းက ပြင်းထန်စွာ သတိပေးထားသည်။

ရွှေကူမြို့နှင့် အနီးတဝိုက်တွင် စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်တို့ ဇွန်လအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဇွန်လ ၂၄ ရက်တွင် လေကြောင်းတိုက်ခိုက်မှုသံ မကြားရကြောင်း ရွှေကူမြို့နေထိုင်သူတဦးက ဆိုသည်။

အခြားဒေသခံတဦးကလည်း “တချို့တော့ရှောင်ကြတယ်။ အများစုတော့ မရှောင်ကြဘူး စိုးရိမ်စိတ်တော့ ရှိကြပါတယ်။ လေယာဉ်ဗုံးကြဲသံတွေလည်း နေ့တိုင်းလို ကြားရပါတယ်။ ဒီနေ့ပဲ မကြားရသေးဘူး” ဟု ဆိုသည်။

၂၀၂၆ ခုနှစ်၊ မေလကုန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရွှေကူမြို့နယ်အတွင်းက စစ်အုပ်စု၏ အရေးပါသည့် ဗျူဟာမြောက်စခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်။ 

ထို့နောက် ဇွန်လဆန်းပိုင်းကစ၍ မြေပြင်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဇွန်လ ၈ ရက်တွင် ရွှေကူမြို့ ဒေသခံများ မြို့မှ ထွက်ခွာပေးရန်၊ မြို့အဝင်လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီးကို သွားလာခွင့်ပိတ်ကြောင်း KIA တပ်မဟာ (၁၁) တပ်ရင်း (၁၂) က ထုတ်ပြန်ထားသေးသည်။

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...