ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေကြောင်း တိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ဇွန်လ ၂၂ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်တပ်က မြို့ဧရိယာအများစုကို သိမ်းပိုက်ထားသော ခမ်းပတ်မြို့အနီးက ကနန် ကျေးရွာ၏ ရပ်ကွက် A နှင့် ရပ်ကွက် C ထဲကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရပ်ကွက် C ထဲက ချင်းလူမျိုး၊ အသက် ၃၆ နှစ်အရွယ် LaIpanmawia သေဆုံးခဲ့သည်ဟု သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု များပြားသကဲ့သို့ အိမ်မွေး တိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း၊ အရေအတွက် အတိအကျကို မသိရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
“ဇွန် ၂၂မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ တစ်ကြိမ် လာကျဲသွားတယ်။ ၂ လုံးက ခမ်းပတ်မှာ ချသွားတယ်။ နောက်ထပ်နှစ်လုံးက ကနန် ကျေးရွာမှာ ဗုံးကြဲချသွားလို့ အမျိုးသား တစ်ယောက် သေဆုံးသွားခဲ့တာ ဖြစ်တယ်။ နေအိမ် ပျက်စီးမှုတွေ ကလည်း အတော်များပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတာ၊ ထိခိုက်မိတာ များတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဇွန်လ ၂၂ ရက်က ခမ်းပတ်မြို့ကို လေကြောင်းဗုံးကြဲခံရမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို မသိရှိရသေး ကြောင်း၊ ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်တွင် လေကြောင်းဗုံးကြဲခံရမှုနှင့် မီးရှို့ခံရမှုကြောင့် နေအိမ်ပျက်စီးမှုတချို့ ရှိနေပြီး အရေအတွက်ကို မသိရှိရသေးကြောင်း သိရသည်။
ဇွန်လ ၂၃ ရက် နေ့လယ် ၁၂ နာရီ ၁၂ နာရီခန့်မှာလည်း ဂျက်ဖိုက်တာ ၁ စီးက ကနန်ကျေးရွာဘက်သို့ ထပ်မံ၍ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် မည်သည့်နေရာသို့ ကျရောက်သည်ကို မသိရှိ သေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။
“ခမ်းပတ်ကနေ စစ်တပ်စစ်ကြောင်းက ကနန်ကျေးရွာကို ဝင်ဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်ပွါးပြီးတော့ လေကြောင်းကနေလည်း တိုက်ခိုက်တာပါ။ ဒေသခံတွေက စစ်ရှောင် ထွက်ပြေးကြပါတယ်” ဟု ယင်းဒေသခံက ပြောသည်။
ဇွန်လ ၂၁ ရက်ကလည်း ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်ဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း ခမ်းပတ်မြို့မှာ ပိတ်မိနေသော အမှတ် ၄ ရပ်ကွက်မှ ဒေသခံတစ်ဦးသည်ကိုလည်း အမှတ် ၃ ရပ်ကွက်အတွင်းမှာ စစ်တပ်က ပစ်သတ်သွားသည်ဟု သတင်းများ ထွက်ပေါ်သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မိုင် ၈၀ ကျော် ရှည်သော ကလေး - တမူးလမ်းမကြီးကို ပြန်လည်းထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေးမြို့မှ စစ်ကြောင်း တစ်ကြောင်း၊ တမူးမြို့မှ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့မှ စစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေးတပ်များနှင့် နှစ်ပတ်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာကျသော ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင်ဒေသများကို NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ စတင်ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။







