စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေ၍ မြိုင်မြို့နယ် ဒေသခံများ တိမ်းရှောင်နေရ

စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေ၍ မြိုင်မြို့နယ် ဒေသခံများ တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေ၍ မြို့နယ် တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်အုပ်စုစစ်ကြောင်းသည် တွင်းမ-သရက်ကန်-ကိုင်းတောမ လမ်းပိုင်းနှင့် ကိုင်းတောမ၊ ကန်နက်၊ ကန်ကလေး ကျေးရွာများ အနီး တပ်ဖြန့်ဝင်ရောက်ကြောင်း We Love Myaing အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“စစ်ရှောင်နေရတာ တပတ်ကျော်ပြီ ဆက်ပြီးလည်း ရှောင်ရဦးမယ့်သဘောရှိတယ်” ဟု ဒေသခံတဦးက ပြောသည်။

ထို စစ်အုပ်စုတပ်ဖွဲ့သည် ဇွန်လ ၂၃ ရက်နေ့ မနက် ၇ နာရီအချိန်တွင်လည်း ကျောက်ကုန်းရွာကနေ အရှေ့မြောက်ဖက်ကို ဆက်လက်ထွက်ခွာနေကြောင်း We Love Myaing အဖွဲ့က ဖော်ပြထားသည်။

စစ်အုပ်စုတပ်၏ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) နှင့် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တို့ ဇွန်လ ၁၅ ရက်က စကာ ပူးပေါင်းစစ်ကြောင်းထိုးနေကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ကမ္မဒေသကနေတဆင့် မြိုင်နယ်တောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီးနောက် တွင်းမပျူရွာကို အခြေပြုကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့၏ စစ်ကြောင်း နှစ်ကြောင်းထက်မနည်းရှိနေခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်အုပ်စု၏ သရက်ကန်ပျူရွာကို မေလ ၂၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် စစ်အုပ်စုတပ်ဖွဲ့သည် မြိုင်မြို့နယ်အတွင်းရှိ ၎င်းတို့ အခြေစိုက်ရာ စက်မှု (၂) တပ်စခန်းကို အင်အား ၁၀၀ ခန့် ဖြည့်တင်းခဲ့သည်။

ယင်းအပြင် ကမ္မမြို့နယ်ဖက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ပျူရွာများမှ ပျူစောထီးများ ပူးပေါင်း၍ မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယခုစစ်အုပ်စုစစ်ကြောင်းသည် မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ စိတ်မနှံ့သူ အမျိုးသားတဦး အပါအဝင် အမျိုးသား ငါးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန်ကလည်း မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မရွာအား အသေခံဒရုန်းနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လက်ယက်မရွာမှ ပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း We Love Myaing အဖွဲ့က အသိပေးထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...