ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၆ ဦးသေဆုံး

ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၆ ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ကန်ပက်လက် မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။ 

ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်မှာ ကျင်ဒွေးမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်းစစ်တပ်သည် ကျင်းဒွေးမြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၂၀ ရက်မှာ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်သည်။ 

ဇွန်လ ၂၀ ရက် မနက် ၇ နာရီခွဲခန့်ကလည်း ကန်ပက်လက်မြို့ အရှေ့ခြမ်း တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီခန့်မှာလည်း ကန်ပက်လက်မြို့အနီးကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်၍ ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု HKL Mindat ထံမှ သိရသည်။ 

ဇွန်လ ၁၉ ရက် မနက် ၇ နာရီခွဲခန့်မှာလည်း မင်းတပ်မြို့ အရှေ့ဘက်ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်၍ ဗုံး ၁၆ လုံးခန့် ကြဲချခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်မှာလည်း Y – 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၂၆ လုံးခန့် ကြဲချခဲ့သည်ဟု သိရသည်။ 

မကွေး၊ ယောဒေသမှတဆင့် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များနှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည်  စစ်ဘေးတိမ်းရှောင်ရမှု တစ်လခန့် ရှိလာနေပြီး၊ ၎င်းတို့သည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ကလေးငယ်၊ သက်ကြီးရွယ်အို အပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ 

June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...
June 23, 2026
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး - တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို...
June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...