အပြန်

အပြန်

ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့ တဖက်မှာတော့ ခေတ်သစ်ဗိသုကာတွေနဲ့ အလှပနေတဲ့ အထပ်မြင့်တိုက်တန်းကြီးက ဟိန်းမားလို့နေတယ်။ ရတနာနှင်းဆီ ကွန်ဒို အိမ်ရာတဲ့။ အိမ်ရာထဲမှာ ကလေးတွေအတွက် ကစားကွင်းလေးတွေပါတယ်။ မြက်တွေကို စိမ်းစိုအောင် အလှဆင်စိုက်ပျိုးထားတယ်။ အိမ်ရာဝင်းထဲက လမ်းကလေးတွေဟာ အမှိုက်သရိုက် မရှိ။ ဘေးတဖက်တချက်မှာ ပန်းပင်လေးတွေကို အစီအရီ စိုက်ပျိုးထားတယ်။ လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ မရှိ။ ပူအိုက်တဲ့ အခုလိုအချိန်တွေမှာ အအေးပေးစနစ်တွေနဲ့ ငြိမ့်ညောင်းသာယာသော လူနေမှုတစ်ခု။

အဲဒီအိမ်ရာဝင်းရဲ့ ကပ်ရပ်တဖက်မှာတော့ တဲအိမ်ကလေးတွေနဲ့ မိုးရွာလိုက်ရင် ဗွက်တွေထူတဲ့ လူနေရပ်ကွက်ကလေး တစ်ခုရှိတယ်။ တဲအိမ်အောက်ခြေတွေမှာ ရေအိုင်တွေ၊ ခြင်တွေ၊ ယင်တွေက နေရာအပြည့်ယူထားကြတယ်။ လျှပ်စစ်မီးမရှိ၊ လျှပ်စစ်မီးဖို မရှိ။ ပန်ကာမရှိ။ ကလေးတချို့က မိုးရွာလို့ရှိရင် အပေါ်ပိုင်းဗလာနဲ့ ကွန်ကရစ်လမ်းမပေါ် မိုးရေထွက်ချိုးကြတယ်။

အမှိုက်သရိုက်တွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်။ ညစ်ပတ်နံ့စော်ဖွယ်ကောင်းတဲ့ အဲဒီရပ်ကွက်ကလေးထဲမှာ မြို့ပြကိုအခြေပြုဖို့ ရောက်လာကြတဲ့ ကျပန်းလုပ်သားတွေ အများစုနေထိုင်ကြတယ်။ ဒီမြင်ကွင်းနှစ်ခုဟာ လက်ရှိ ရန်ကုန်မြို့ပြရဲ့ ဆင်းရဲ၊ ချမ်းသာ ကွာခြားမှုကို တိုက်ရိုက်ပြနေသလားလို့ ကျွန်တော်ထင်မိတယ်။

ကျွန်တော်တို့ဟာ ရပ်ကွက်ထဲက ၁၀ ပတ်လည်ခန့်ရှိမယ့် အိမ်ကလေးတစ်လုံးကို သွားနေကြတာဖြစ်တယ်။ ရန်ကုန်နေက အိုက်စပ်စပ်နဲ့ ပူလွန်းပါတယ်။ အိမ်ကလေးရဲ့ ခေါင်မကို သွပ်မိုးထားတယ်။ သွပ်တွေက ဆွေးမြေ့နေပြီဖြစ်တယ်။ ရှေ့၊ နောက် အဖီခေါင်မိုးကိုတော့ သက်ကယ်၊ တာပေါ်လိတ်စတွေနဲ့ ဖြစ်သလိုမိုးထားတယ်။ အကာအကွယ်အဖြစ် ဆေးလိပ်ဖာလို ဝါးထရံတွေဖြစ်တယ်။ အိမ်ခန်းဖွဲ့ထရုံ ၂ ခုက ရှေ့ဘက်က ထရံကို အသုဘလာသူတွေ အဆင်ပြေစေဖို့ ဖွင့်ချထားကြဟန် တူပါတယ်။

အိမ်အခင်းကိုတော့ နက်ပြာရောင် အထပ်လေးခင်းထားတယ်။ အခင်းတချို့ဟာလည်း ဆွေးမြေ့နေပြီဖြစ်တယ်။ အခင်းပေါ်မှာ လူတစ်ယောက် လဲလျှောင်းနေတယ်။ သူ့အောက်ဘက်မှာ ဝါးခြမ်းနဲ့လုပ်ထားတဲ့ အလောင်းတင်ခပ် သေးသေးလေးတစ်ခုရှိတယ်။ သူ့ကို ပန်းရောင်စောင်အဟောင်းတစ်ခုက တစ်ကိုယ်လုံး ဖုံးအုပ်ထားတယ်။ ခေါင်းရင်းဘက်မှာ တရားပွဲတစ်ခု။ ထမင်း၊ ငါးဟင်းထည့်ထားသော ပန်းကန်တစ်ခု။ နောက်ပြီး သူရဲ့ တစ်ဦးတည်းသော မိသားစုရင်းရှာဖြစ်တဲ့ သူ့ညီက နောက်ဆုံးလက်ဆောင်အဖြစ် ဂုဏ်ပြုထားတဲ့ မကျည်းအရက် အနီရောင်တစ်ခွက်။

အိမ်ဦး ခေါင်းရင်းတိုင်မှာ ဘုရားကျောင်းငယ်တစ်ခု။ ခြောက်သွေ့ပြီး ပင့်ကူအိမ်တွေတက်နေတဲ့ ပန်းအိုးလေးတစ်လုံး။ ရခိုင်မဟာမုနိဘုရား ကားချပ်လေးတစ်ခု။ နောက်ပြီးတော့ သူရဲ့ဘဝကို ကံစမ်းခဲ့ဟန်တူတဲ့ ထီလက်မှတ်ကလေး ၃ စောင်က ဘုရားကျောင်းလေးပေါ်မှာ ရှိနေသေးတယ်။ ဒီထီလက်မှတ်လေးတွေက သူ့အသုဘကို ဘုရားကျောင်းလေးပေါ်က လှောင်ပြီး ကြည့်နေသလား မဆိုနိုင်။

သူ့ခြေရင်း ဘက်မှာတော့ သစ်သားသေတ္တာလေးတစ်လုံး တဝက်တပျက်ပွင့်လို့။ ခြင်ထောင်ဆိုး။ အဝတ်ဆိုးတွေက အပြင်ကို ထွက်နေကြတယ်။ ဒါဟာ သူတို့မိသားစုရဲ့ လက်ငင်းပိုင်ဆိုင်မှုပဲလို့ ကျွန်တော်တွေးလိုက်မိတယ်။

ခဏနေတော့ ရန်ကုန်မိုးက အငြိုးတကြီး ရွာချလိုက်တယ်။ အိမ်ခေါင်းမိုးတွေက မိုးတွေယိုကျလာတယ်။ ယင်ကောင်တွေက အလောင်းပေါ်မှာ တရုန်းရုန်း။ ပတ်ဝန်းကျင်မှာ တဝုန်းဝုန်းနဲ့ ပျော်ပွဲစားထွက်လာကြတယ်။ ကျွန်တာ်တို့အပါအဝင် သူ့မိတ်ဆွေသုံးလေးဦးဟာ သူ့ကို နောက်ဆုံးပို့ဆောင်နှုတ်ဆက်ဖို့ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

အန္ဒိယ ဆိုးရိုးစကားတစ်ခုမှာတော့ "ငါတို့ မွေးဖွားလာတဲ့အချိန်မှာ ငါတို့ပဲငိုပြီး ပတ်ဝန်းကျင် က လူတွေက ပြုံးခဲ့ကြတယ်။ ငါတို့ သေဆုံးတဲ့အချိန်မှာတော့ ပတ်ဝန်းကျင်ကလူတွေ ငိုကြွေးနေချိန်မှာ ငါတို့ကိုယ်တိုင်က ပြုံးပြုံးလေး နှုတ်ဆက်နိုင်မယ့် ဘဝမျိုးကို ရှင်သန်ရမယ်။"လို့ ဆိုတယ်။ တကယ်တော့ အခုသေဆုံးသူဟာ အန္ဒိယဆိုရိုးစကားလေးထဲကလို ပြုံးပြုံးလေး နှုတ်ဆက်နိုင်ခဲ့တဲ့ ဘဝမျိုး ဖြစ်ခဲ့ပါလားလို့ ကျွန်တော်စဉ်းစားနေမိခဲ့တယ်။

ကျွန်တော်တို့ ကြားခဲ့ရသမျှ သတင်းစကားတွေထဲမှာ အရက်သောက်တယ်ဆိုတာ ချည်းပါပဲ။ ညီအစ်ကိုနှစ်ယောက်ဟာ ဘဝလောကဒဏ်တွေကို ရုန်းကန်ကြရင်း အရက်တွေသောက်တတ်လာကြတယ်။ စစ်မက်ဖြစ်တဲ့ရပ်ဝန်းမှာ သောကတွေ၊ နာကြင်မှုတွေ စုပုံလာကြတယ်။ မိသားစု၊ ချစ်သူခင်သူတွေနဲ့ ကွဲကွာခဲ့ရတယ်။ ဒီတော့ သူတို့ရဲ့ စိတ်တဒင်္ဂကလေး ငြိမ်းရာ ငြိမ်းကြောင်း အရက်ကို အဖော်ပြုလာတတ်ကြတယ်။

အစ်ကိုဆုံးသွားတာကို ညီက မသိလိုက်ဘူး။ အတူအိပ်တဲ့ ညီက ခါတိုင်းလိုပဲ အစ်ကို အိပ်ရာနိုးလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် နိုးမလာနိုင်တော့ဘူး။ အသက် ၄၀ ကျော်အရွယ် အစ်ကိုဖြစ်သူဟာ တစ်ဦးတည်းသော ညီလေးကို ထားရစ်ခဲ့ပြီဖြစ်တယ်။ မိုးရေတွေ တစက်စက်ကျနေတဲ့ အိမ်ခေါင်မိုးတွေအောက်မှာ အနီးအနားကျောင်းက ဦးဇင်းတပါးပင့်ပြီး သရဏဂုဏ်ဆောက်တည်။ အသုဘရှုတရားကို လူသုံးလေးယောက်နဲ့ အပြီးသတ်လိုက်တယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ ဘဝသစ်ဆီကိုအပြန်မှာ လူ့ဂုဏ်သိက္ခာအရ ဆောင်ရွက်ပေးကြတာပဲဖြစ်တယ်။

ဆင်းရဲမွဲတေကြပေမယ့် လူတစ်ယောက် နောက်ဆုံးခရီးကိုတော့ ဂုဏ်သိက္ခာရှိစွာ ပို့ဆောင်ပေးကြတာက ကျွန်တော်တို့လူမျိုးတွေရဲ့ သဒ္ဒါတရားပဲဖြစ်တယ်။ ဒါပေမယ့် စစ်ပွဲကြားမှာ အစိမ်းလောင်၊ အမှဲ့လောင် လောင်မြိုက်သွားကြသူတချို့ခမျှာ သူတို့ သေဆုံးမှုအတွက် လူ့ဂုဏ်သိက္ခာကို အပြည့်အဝ ရမသွားကြပါဘူး။ ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိသူနေကြပါသလဲ။

အခုလည်းကြည့် ခေတ်ပညာအရ ဥပဒေပညာနဲ့ ကျောင်းပြီး။ ဘွဲ့ရခဲ့တဲ့ လူသားတစ်ယောက်ဟာ အမိုးမလုံ၊ အကာမလုံတဲ့ တဲအိမ်လေးထဲမှာ ငိုသူမရှိ၊ နာကြင်သူမရှိ၊ ဆွေမျိုးအသိုင်းအဝိုင်း ခြံရံမှုမရှိဘဲ ထွက်ခွာသွားရလိမ့်မယ်လို့ ဘယ်သူကထင်မိပါလဲ။ ပညာတတ်ဖြစ်ဖို့အရေး မိဘတွေ ကျားကုတ်ကျားခဲ့ သင်ကြားပေးခဲ့ကြတယ်။ သူကိုယ်တိုင်ကရော ဘဝကို ဒီလိုအဆုံးသတ်ရမယ်လို့ ထင်ခဲ့မှာတဲ့လား။ သူ့ဘဝ အခုလို အဆုံးသတ်မှုအတွက် သူသာ အပြစ်ရှိတယ်ဆိုရင် ခေတ်ပျက်ကြီးတစ်ခုမှာ မွေးဖွားရှင်သန်ရမှုက ပိုပြီး တရားခံဖြစ်မနေဘူးလား။

ဗုဒ္ဓကပြောတယ်။ လူ့ဘဝဟာ အလွန်တရာမှ ရခဲလှတယ်။ ပြီးတော့ လူ့ဘဝဆိုတာ သမုဒ္ဒရာထက်မှာ ပွက်တဲ့ ရေပွက်လေးပါပဲတဲ့။ အလွန်တရာမှ ရခဲလှတဲ့လူ့ဘဝကို ရောက်လာခဲ့ပါရဲ့ အလွန်တရာမှ တိုတောင်းတဲ့အချိန်ဖြစ်မှန်း သိခဲ့ပါရဲ့ ကျွန်တော်တို့ လုပ်နိုင်တာ ဘာများရှိခဲ့လို့လဲ။ နှစ်ပေါင်းရာနဲ့ချီတော့မယ့် စစ်ပွဲကြားထဲမှာ ဘဝတွေကို အဆုံးသတ်လိုက်ကြရတယ်။ အာဏာရှိသူတွေ၊ အင်အားရှိတဲ့သူတွေနဲ့ အပေါင်းအပါတွေက အံ့ဩလောက်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ငြိမ်းချမ်းရေးစကားကို ဆိုကြတယ်။ ကျုးကျော်ရပ်ကွက်က သူ့လိုလူတွေကလည်း အရက်ဆိုင်ကလေးထဲမှာ ပဲလှော်လေး ဝါးရင်း။ အရက်အပေါ့စားလေးသောက်ရင်း ငြိမ်းချမ်း ရေးစကားကို ဆိုကြတယ်။ ဒါပေမယ့် စစ်ပွဲက ဘယ်တော့မှ မပြီးဆုံးဘူး။ စစ်မက်ဒဏ်သင့်တဲ့ တိုင်းပြည်က ကျွန်တော့်မိတ်ဆွေဟာ မိဘ၊ ဆွေမျိုးရှိရာအရပ်ကို မရောက်နိုင်ဘဲ လမ်းခုလပ်မှာ နှုတ်ဆက်ပြန်နှင့်ခဲ့လေပြီ။

ပိုင်ရှင်မဲ့အလောင်းအဖြစ် စာရင်းသွင်းဖို့ ရဲစခန်းထောက်ခံချက် ယူရမယ်၊ ဆေးရုံထောက်ခံချက်တွေ ပါရမယ်ဆိုတော့ အလောင်းဟာ အလုပ်တွေများလိုက်တာ။ ပိုင်ရှင်ရှိတဲ့အတွက် ပိုင်ချင်စစ်မှန်ကြောင်း ထောက်ခံချက်တွေ ယူကြရတယ်။ အရပ်က ဝိုင်းကူကြတော့ သိပ်အခက်အခဲ မရှိလိုက်ပါဘူး။ နေ့လယ်တစ်နာရီကျော်ခန့်မှာ နာရေးကားရောက်ချလာတယ်။ ဆင်းရဲသားမသာမို့လို့လား မသိပါဘူး။ လူမှုကူညီရေးအကိုကြီးက မျက်နှာတင်းတင်းနဲ့ စာရင်း တွေရေး။ အလောင်းကို ကားပေါ်တင်လိုက်တယ်။ မိုးတဖြောက်ဖြောက် ကျနေသေးတယ်။ သူဟာ လူ့ဘဝမှာ အသက်ရှင်လျှက်၊ ပြီးတော့ အခုသေဆုံးလျှက် နောက်ဆုံးအချိန်ကို ရောက်ခဲ့ပြီဖြစ်တယ်။

ကျွန်တော်တို့က နောက်ကားတစ်စီးနဲ့ လိုက်ကြတယ်။ သူ့ အသုဘမှာ အခေါင်းတောင်မပါရှာပါဘူး။ အခင်းဖျာလေးတစ်ထည်။ စောင်လေးတစ်ထည်သာ ပါခဲ့ပါတယ်။ ကျီစုသုဿန်မှာ သူ့အလောင်းကို သင်္ဂြိုလ်လိုက်တယ်။ သူ့အလောင်းကိုချလာတဲ့အချိန် သုသာန်မှာ အသက် ၆၁ နှစ် အမျိုးသမီးတစ်ယောက်ရဲ့ အသုဘရှိတယ်။ အသုဘရှုတရားနာပြီးတော့ ရှေ့ကကြေးစည်တီးတဲ့လူနဲ့ အခေါင်းကို သိမ်သိမ်မွေ့မွေ့တွန်းလာတဲ့ မိသားစုဝင်တွေနဲ့။ ဆွေမျိုးတွေ ယောဂီဝတ်စုံတွေနဲ့။ မျက်ရည်တွေနဲ့ နှုတ်ဆက်ကြတဲ့ လူတွေနဲ့။ အခေါင်းကလည်း သားသားနားနားနဲ့။ နှစ်ယောက်လုံးကတော့ ခဏနေရင် ပြာဖြစ်ကြတော့မှာ။ ဒါပေမယ့် အမျိုးသမီးအလောင်းကတော့ သား၊ သမီး၊ ဆွေမျိုးတွေက ဝိုင်းဝန်းပြီး အရိုးလေးယူ။ ပြာလေးယူပြီး မှတ်တိုင် ကလေးဖြစ်ဖြစ် လုပ်ပေးရင် လုပ်ပေးကြပါလိမ့်မယ်။

ကျွန်တော့် မိတ်ဆွေကြီးရဲ့ အသုဘအခမ်းအနားကတော့ တိတ်ဆိတ်ငြိမ်းချမ်းပြီး တကယ့် ခန္ဓာရဲ့သဘော ပိုဆန်နေတယ်လို့ထင်မိတယ်။ မီးသင်္ဂြိုလ်စက် ဝန်ထမ်းတွေဆီကို အပ်နှံခဲ့ကြတယ်။ ကျွန်တော်တို့ ကားပေါ်တက် ပြန်လာခဲ့ကြတယ်။ နောက်ဆုံးမြင်လိုက်တာကတော့ အလောင်း ၂ ခုလုံးဟာ မီးသင်္ဂြိုလ်အခန်းထဲကို ဝန်ထမ်းတွေရဲ့အကူအညီနဲ့ ဝင်သွားကြတယ်။ ပြီးတော့ တံခါးမကြီးကို ပိတ်လိုက်ကြတယ်။ ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အိမ်ပြန်ကြရတာချည်း မဟုတ်လား။ မနက်အလုပ်သွားတဲ့လူက ညနေခင်း အိမ်ပြန်တယ်။ မနက်ကျောင်းသွားတဲ့ ကလေးကလည်း ညနေအိမ်ပြန်လာကြတယ်။ ကျောချမယ့်နေရာ အိမ်ကြီးအိမ်ကောင်းပဲ ဖြစ်ဖြစ်၊ အိမ်ဆိုးအိမ်ပျက်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အိမ်ပြန်ကြပါတယ်။ ပြီးတော့ ဘဝရဲ့ နောက်ဆုံးမှာလည်း သေခြင်းအိမ်ကို ပြန်ကြရတာချည်းပါပဲ။

အမေရိကန် စာရေးဆရာကြီး မာ့ခ်တွန်းပြောသလို "လူတစ်ယောက်ဟာ ဘယ်တော့မှ အပြီးတိုင် မသေဆုံးပါဘူး၊ သူ့ကို သတိရနေမယ့် သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေသရွေ့ပေါ့။" နှစ်တွေ ဘယ်တောင်ပဲကြာကြာ တစ်ယောက်ယောက်ဟာ ကိုယ့်ကို အမြဲသတိရနေမယ်ဆိုရင် ကျွန်တော်တို့ဟာ မသေဆုံးကြပါဘူး။ ဒါဟာ ကျွန်တော်တို့ယူသွားနိုင်တဲ့ တစ်ခုတည်းသော အရာလည်းဖြစ်တယ်။ ဒါပေမယ့် အလွန်ရက်စက်၊ ကြမ်းကြုတ်တဲ့ လူ့ဘီလူးတွေ၊ လူ့မိစ္ဆာတွေ သေဆုံးခဲ့ရင် သူ့ကို သတိရမယ့်လူတွေအဖြစ် ဘယ်သူတွေ ရှိနေနိုင်မှာလဲ။ သတိရတယ်ထားဦး သူ့အတွက် ကောင်းရာကောင်းကျိုး အမျှမေတ္တာ ပေးဝယ်နိုင်မှာလား။ ဒါမှမဟုတ် ကျိန်ဆဲနေမှာလား ကျွန်တော်မတွေးတတ်တော့။

ကျွန်တော့် မိတ်ဆွေကြီးကတော့ လူလောကအတွက် ဘာမှ ကောင်းကျိုးမလုပ်ခဲ့ရင်တောင် ဘာအပြစ် တစ်စုံတရာမှလည်း ပြုခဲ့ဟန်မတူပါ။ ဒါ့ကြောင့် သူ့ထွက်ခွာမှုဟာ လွတ်လပ်ငြိမ်းချမ်းတဲ့ ထွက်ခွာမှု။ သူ့အပြန်ခရီးဟာ ကမ္ဘာကျော် အာဏာရှင်ကြီးတွေရဲ့ အပြန်ခရီးထက် နှစ်လိုချမ်းမြဲ့ဖွယ်ကောင်းတဲ့ အပြန်ခရီးတစ်ခုဖြစ်တယ်လို့ ကျွန်တော် မှတ်ချက်ပြုမိတယ်။

လူ့ဘဝ၊ လူ့ခန္ဓာကို ရရှိပိုင်ဆိုင်ကြရင် ဘယ်သူပဲပဲဖြစ် တနေ့ပြန်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကဗျာဆရာ သစ္စာပိုင်စိုးရဲ့ 'အပြန်" ကဗျာထဲကလို 'ဘာမှမဟုတ်တဲ့ မာနနဲ့၊ ဘာမှမယူနိုင်လည်း နေပါစေ၊ အမေကြိုက်တတ်တဲ့ ဆံပင်ပုံလေးညှပ်ပြီး သပ်သပ်ရပ်ရပ်ပဲ ပြန်ချင်ပါရဲ့။' ဆိုသလိုပဲ ကျွန်တော်တို့ဟာလည်း အမေ့အိမ်ကိုပဲ ဖြစ်စေ။ ဝသုန္ဒြီကို ဖူးတွေ့နိုင်ဖို့ပဲ ဖြစ်စေ။ သပ်သပ်ရပ်ရပ်ကလေး ပြန်ခွင့်ရရင်ဖြင့်……….။

မောရဇော် ရေးသားသည်

အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...
June 18, 2026
ကရင်နီပြည်အတွင်း ငှက်ဖျားရောဂါ လျှော့ချပပျောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ်မှာ...
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...