ဂွ၊ ကျိန္တလီ၊ လေးတောင်၊ ကျောက်ဖြူတို့ကို မြန်မာစစ်တပ်မှ ဆက်တိုက် ဗုံးကြဲ

ဂွ၊ ကျိန္တလီ၊ လေးတောင်၊ ကျောက်ဖြူတို့ကို မြန်မာစစ်တပ်မှ ဆက်တိုက် ဗုံးကြဲ

ခိုင်လူလှ (ရိုးမမြေ) — အာရက္ခပြည်အတွင်းရှိ  ဂွ၊ ကျိန္တလီ၊ လေးတောင်၊ ကျောက်ဖြူတို့ကို အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်တပ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော်၊ သတင်းနှင့် ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

(ဂွမြို့နယ်အတွင်းတိုက်ခိုက်မှု)

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ ည (၁၂) နာရီအချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA ၏ ဇွန်လ ၁၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် စာသင်ကျောင်းဆောင်များနှင့် အနီးအနားမှ ပြည်သူတို့၏ နေအိမ်အချို့ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်မှာ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

(ကျိန္တလီမြို့ကိုတိုက်ခိုက်မှု)

ဇွန်လ (၁၅) ရက်နေ့၊ ည (၇) နာရီ (၁၅) မိနစ် အချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားခဲ့ရသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသူတွေကတော့ရမ္မာကျွန်းရွာမှဦးဝေလင်း (၅၀ နှစ်) နဲ့ဒေါ်သူဇာမိုး (၃၈နှစ်)တို့ဖြစ်ကြပြီးနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုနိရဉ္စရာမှ စုံစမ်း သိရှိရသည်။

(လေးတောင်မြို့တိုက်ခိုက်မှု)

၂၀၂၆ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့၊ ညနေ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အသေခံဒရုန်း (၂) စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား (၂) ကောင်သေဆုံးသွားခဲ့သည်ဟုဖော်ပြသည်။

(ကျောက်ဖြူမြို့နယ်အတွင်း တိုက်ခိုက်မှု)

ဇွန်လ (၆) ရက်နေ့၊ ည (၁၁) နာရီခွဲ အချိန်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာ နှင့် ဘယာကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y12 လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နွား (၃) ကောင် သေဆုံးခဲ့သည်။  

(ခရီးသွားပြည်သူများအားပစ်ခတ်ဖမ်းဆီးမှု)

ဇွန်လ (၇) ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွားပြည်သူများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်၍ ခရီးသွားပြည်သူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  

၎င်းသံဇစ်မြစ်အတွင်းမှာပင် ဇွန်လ (၇) ရက်နေ့၊ ညနေ (၅) နာရီအချိန်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော မော်တော်ဘုတ်တစ်စီးအား အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး ၎င်းမော်တော်ဘုတ်၌ လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း (၁၄) ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိခဲ့သည်ဟုဖော်ပြထားသည်။

June 18, 2026
မောင်စာဂ — တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်နေကြသည့်...
စစ်တွေမြို့တွင် ဟန်ရေးပြနေသည့် အကြမ်းဖက်စစ်ကားတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
June 17, 2026
နှင်းနွယ်နီ - စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ညက...
ဓာတ်ပုံ - ပေးပို့
June 16, 2026
ပိုးဝါ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီးငါးဦးအပါအဝင်...