လူမှုရေးအဖွဲ့တစ်ခုက ကျောက်ဖြူရှိ စစ်ရှောင်အမျိုးသမီး ၁,ဝဝဝ ကျော်ကို လစဉ်သုံးပစ္စည်းများ ထောက်ပံ့နေ

လူမှုရေးအဖွဲ့တစ်ခုက ကျောက်ဖြူရှိ စစ်ရှောင်အမျိုးသမီး ၁,ဝဝဝ ကျော်ကို လစဉ်သုံးပစ္စည်းများ ထောက်ပံ့နေ

မောင်စာဂ — တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်နေကြသည့် အမျိုးသမီး ၁,ဝဝဝ ကျော်ကို ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့(Kyauk Phyu Emergency Response Group - KP ERG)က လစဉ်သုံးပစ္စည်းများအား ထောက်ပံ့ပေးနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသည့် အမျိုးသမီးများအတွက်လိုအပ်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် Pad ထုပ်၊ အတွင်းခံဘရာ၊ အတွင်းခံဘောင်းဘီနှင့် ခြင်ထောင်တို့ကို ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်မှစတင်ကာ စစ်ရှောင်စခန်းများသို့ ကွင်းဆင်းထောက်ပံ့ပေးနေခြင်းဖြစ်သည်။

“ယခုမိုးရာသီအချိန်ရောက်လာသည်နှင့်တပြိုင်နက်တည်း အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးတကြီးဂရုစိုက်ကြရမည့်အချိန်လည်းဖြစ်ပါသည်။ အမျိုးသမီးအသုံးအဆောင်ပစ္စည်းဖြန့်ဝေခြင်းသည် အမျိုးသမီးတိုင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရာလည်း ရောက်ပါသည်။ အမျိုးသမီးတိုင်းအတွက် တတ်နိုင်သည့်ဖက်က ဝိုင်းဝန်းကာကွယ်ပေးကြပါစို့”ဟု အဆိုပါအဖွဲ့က ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် လက်ရှိအချိန်၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှောင်အရေအတွက်လည်း မြင့်တက်လျက်ရှိနေသည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးသမားများက နိရဉ္စရာကို ပြောဆိုကြသည်။

အဆိုပါစစ်ရှောင်များထဲတွင် အရွယ်ရောက်ပြီး အမျိုးသမီးများ၌ ယခုကဲ့သို့ တစ်ကိုယ်ရည်သုံးပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟုလည်း ကျောက်ဖြူမြို့နယ်မှ ဇင်ချောင်းလူငယ်များပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက နိရဉ္စရာကို ပြောသည်။

“စစ်ရှောင်လာကြတဲ့အထဲမှာ နံပါတ်တစ်ကြုံရတာက အမျိုးသမီးတွေဆိုရင် ဒါ သူတို့မှာ သူ့ရဲ့အမျိုးသမီးကာယိန္ဒြေလုံခြုံမှုအရ စခန်းမှာ လူဦးရေထူထပ်လာတယ်ဆိုရင် အဓိက သူ့ရဲ့ တစ်လတစ်ခါဖြစ်နေကျ သဘာဝနဲ့ ကြုံလာရရင် လူဦးရေထူထပ်တဲ့အခါ သူတို့ရဲ့ Pad ထုပ်တွေ အဆင်မပြေမှုတွေဟာလည်း နေ့တဓူဝမဟုတ်ရင်တောင်မှာ တစ်လတစ်ခါလောက်ကြုံနေရတဲ့ပြဿနာတွေပါ။ နောက်တစ်ခုက ဥပမာ Pad ထုပ်တစ်ခုတည်းပေးလို့မရဘူးပေါ့လေ။ Pad ထုပ်ပေးနိုင်ဆိုရင် Underware က လိုလာပါပြီ။ အဲဒီအခြေအနေမျိုးမှာ အဲဒါတွေဟာ တောက်လျှောက်ကိုကြုံနေရတဲ့ပြဿနာတွေပါ”ဟု ပြောသည်။

ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့က စစ်ရှောင်အမျိုးသမီးများအတွက် တကိုယ်ရည်သုံးပစ္စည်းများကို ဇွန်လ ၁ဝ ရက်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းသုံးခုသို့ စတင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင် စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ရှောင်အမျိုးသမီး ၃၃ ဦးအတွက် တစ်ဦးလျှင် Pad နှစ်ထုပ်၊ အတွင်းခံတစ်လုံးနှုန်းဖြင့် ကနဦး ကူညီထောက်ပံ့ပေးခဲ့သည်။

ယင်းနေ့တွင်ပင် နောက်ထပ် စစ်ဘေးရှောင်စခန်းနှစ်ခုရှိ စစ်ရှောင်အမျိုးသမီး ၂၈၄ ဦးအတွက် တစ်ဦးလျှင် Pad နှစ်ထုပ်၊ အတွင်းခံတစ်လုံးနှုန်းဖြင့် Pad - ၅၆၈ ထုပ်၊ အတွင်းခံ ၂၈၄ လုံးကို ထပ်မံကူညီထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

ကျန်ရှိသည့်စစ်ရှောင်အမျိုးသမီးများအတွက်လည်း ဆက်လက်ထောက်ပံ့လျက်ရှိသည်ဟု သိရသည်။

စေတနာရှင်များအနေဖြင့် အဆိုပါပစ္စည်းများအား ကူညီထောက်ပံ့လိုပါက ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့သို့ ဆက်သွယ်နိုင်သည်ဟုလည်း အဆိုပါအဖွဲ့က နှိုးဆော်ထားသည်။

ဓာတ်ပုံ - KP ERG

စစ်တွေမြို့တွင် ဟန်ရေးပြနေသည့် အကြမ်းဖက်စစ်ကားတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
June 17, 2026
နှင်းနွယ်နီ - စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ညက...
ဓာတ်ပုံ - ပေးပို့
June 16, 2026
ပိုးဝါ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီးငါးဦးအပါအဝင်...
June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...