နှင်းနွယ်နီ - စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ညက စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ နှစ်ဦးမှာ သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ မအေးအေးအောင် (၃၅) နှစ်ဝန်းကျင်ခန့်နှင့် စစ်တွေမြို့၊ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသာဟန် (၅၈)နှစ်တို့ဖြစ်ကြသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်၊ ည ၉ နာရီခွဲခန့်က အင်အား ၁၀ ကျော်ခန့်ပါသည့် ရဲတပ်ဖွဲ့ဝင်များက ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းကို ဧည့်စာရင်းဝင်စစ်ပြီးနောက် ဦးသာဟန်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဧည့်စာရင်း ဝင်စစ်တယ်။ ပြီးတော့ တာဝန်ခံကို ဖမ်းသွားတာ။ ဘာကြောင့်လဲတော့ မသိဘူး”ဟု ပြောသည်။
ဦးသာဟန်သည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ စစ်ဘေးရှောင်လာသူဖြစ်ပြီး ဆင်ကူးလမ်းကျောင်း စစ်ရှောင်စခန်းတာဝန်ခံလည်း ဖြစ်သည်။
ယင်းအပြင် သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ မအေးအေးအောင်ကိုလည်း ယမန်နေ့ညက ဧည့်စာရင်းစစ်ဆေးချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
မအေးအေးအောင်သည် ဆင်ကူးလမ်းရပ်ကွက်မှဖြစ်ပြီး သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ညက စစ်တွေမြို့ရှိ ဆင်ကူးလမ်းကျောင်း၊ သောဘိတာရာမကျောင်း၊ ရက္ခမဏ္ဍိုင်ကျောင်း၊ လရောင်ဝင်းကျောင်း၊ အသောကာရုံကျောင်း၊ မဏိရတနာကျောင်း၊ အိမ်စိုးမေမိကျောင်း၊ ရွှေစေတီကျောင်း၊ ပြည်တော်ပြန်ကျောင်း၊ သင်္ခရာဇာကျောင်း၊ ယတြာကျောင်း၊ စစ်ကဲတော်မင်းကျောင်းနှင့် ဓမ္မာရုံကျောင်း စစ်ဘေးရှောင်စခန်းတို့အပါအဝင် နောက်ထပ် စစ်ဘေးရှောင်စခန်း ငါးခုထက်မနည်းတို့ကို အာဏာသိမ်းမြန်မာစစ်တပ်၏ ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဉ်တွင် သောဘိတာရာမကျောင်း စစ်ရှောင်စခန်းတာဝန်ခံ မအေးအေးအောင်နှင့် ဆင်ကူးလမ်းကျောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးသာဟန်တို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သူတို့နှစ်ဦးကို စစ်တွေမြို့ အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ကလည်း မဏိရတနာကျောင်း စစ်ဘေးရှောင်ခန်းတာဝန်ခံ အမျိုးသမီး ဖမ်းဆီးခံရပြီး မေလ ၆ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။







