စစ်ခေါင်းဆောင်အား ဖိတ်ခေါ်မှုအပေါ် အိန္ဒိယအား APHR ကန့်ကွက်ရှုတ်ချ

စစ်ခေါင်းဆောင်အား ဖိတ်ခေါ်မှုအပေါ် အိန္ဒိယအား APHR ကန့်ကွက်ရှုတ်ချ

မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်အုပ်စု ခေါင်းဆောင်သည် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်နေခြင်းဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အနေဖြင့် မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုထားခြင်းအား ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို လေးစားလိုက်နာရန် APHR က တိုက်တွန်းထားသည်။

အင်ဒိုနီးရှားပါလီမန်အမတ်လည်းဖြစ်၊ APHR ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းဒ်စ် (Mercy Chriesty Barends) က ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ တရားဝင်သမ္မတ မဟုတ်ကြောင်း၊ ၎င်းသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရကို ဖြုတ်ချခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူသာဖြစ်ပြီး မြန်မာပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighborhood First Policy) နှင့် အရှေ့မျှော်မူဝါဒ (Act East Agenda) များသည် ဒေသတွင်း တည်ငြိမ်မှုနှင့် စည်းမျဉ်းအခြေခံ ဆက်ဆံရေးအပေါ် မူတည်နေခြင်းဖြစ်ပြီး၊ စစ်အုပ်စု၏ ရက်စက်မှုများက ထိုအခြေခံမူများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ပြည်သူ ၇,၇၀၀ ကျော်ကို သတ်ဖြတ်၊ ကျေးရွာများကို ဗုံးကြဲ၊ ပြည်သူများကို အဓမ္မစစ်မှုထမ်းခိုင်းပြီး လူပေါင်းသိန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးအောင် ပြုလုပ်နေသည့် စစ်ခေါင်းဆောင်တစ်ဦးကို အိန္ဒိယနိုင်ငံအနေဖြင့် သံတမန်ရေးအရ ဧည့်ခံကြိုဆိုနေခြင်းသည် အဆိုပါမူဝါဒများကို ကိုယ်စားမပြုကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုနှင့် ဆက်ဆံရေးကို ပုံမှန်ကဲ့သို့ ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် မြန်မာပြည်သူများ၏ ဒုက္ခဝေဒနာများကို ပိုမိုရှည်ကြာစေပြီး စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ပိုမိုရဲတင်းလာစေကြောင်း APHR က သတိပေးထားသည်။

ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သလို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံလည်းဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီတန်ဖိုးများနှင့်အညီ ရပ်တည်ပေးရန် ပြောဆိုခဲ့သည်။

June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...
ဓါတ်ပုံ - Karenni College of Social Sciences & Humanities, Karenni Law College
June 22, 2026
စစ်တပ်၏ လေကြောင်းရန် အန္တရာယ်နှင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ တော်လှန်ရေးနယ်မြေ အသီး သီးရှိ...
June 20, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နယ်စပ်ဝန်ကြီးချုပ်နှစ်ဦးနှင့် ထိပ်သီး...
June 19, 2026
စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးရန်အပါအဝင် လက်ရှိ စစ်ရေး...