ထိုင်းကုန်စည်များတရားဝင်စီးဆင်းနိုင်ရန် လုပ်ငန်းရှင်များမျှော်လင့်

ထိုင်းကုန်စည်များတရားဝင်စီးဆင်းနိုင်ရန် လုပ်ငန်းရှင်များမျှော်လင့်

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီ-မဲဆောက်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ထိုင်းကုန်စည်များတရားဝင်စီးဆင်းနိုင်ရန် ဒေသခံများ ကုန်သည်နှင့် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လလယ်တွင် စစ်ကော်မရှင်တပ်တို့က ပိတ်ခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ၁၀ လကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

တံတားပြန်လည်ဖွင့်လှစ်မှုကြောင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုလွယ်ကူလာနိုင်ပြီး စီးပွားရေး လုပ်ငန်းများလည်း ပြန်လည်လည်ပတ်လာနိုင်မည်ဟု နယ်စပ်ကုန်သည်တချို့က မျှော်လင့်နေကြသည်ဟု ဆိုသည်။

“တံတားပိတ်တဲ့အချိန်မှာ ကုန်ပစ္စည်းသယ်ယူဖို့ အခက်အခဲတွေရှိတယ်။ ဒီမြဝတီရှိနေတဲ့သူတွေ အကုန်လုံးကလည်း ဒီလုပ်ငန်းတွေကိုပဲ မှီခိုနေကြရတာလေ၊ ကားသမားတွေလည်း အတက်အဆင်း လွယ်တော့ အကုန်လုံးအဆင်ပြေလာကြမယ်လို့ မျှော်လင့်တယ်”ဟု မြဝတီဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မြဝတီမြို့ပြင်က ကုန်သွယ်ရေးဇုန်ဝင်းမှာရှိသည့် နယ်စပ်ကုန်သွယ်ရေး သွင်းကုန်၊ ပို့ကုန် ကုမ္ပဏီနှင့် ဂိုထောင်ဝင်းများကို ကုန်သွယ်ရေးတံတားပြန်ဖွင့်ချိန်တွင်း ရုံးလုပ်ငန်းအဆင့်ဆင့်ကို စစ်အုပ်စု၏စည်ပင်ဌာန၊ မီးသတ်ဌာန၊ အခွန်ဌာနမှ လုပ်ငန်းစစ်ဆေးမည့် အစီအစဉ်လုပ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် တံတားများ ပြန်လည်ဖွင့်လှစ်သော်လည်း ထိုင်းကုန်စဉ်တင်သွင်းခွင့် အခြေအနေများ တည်ငြိမ်မှုမရှိသေးသည့်အတွက် ပုံမှန်အခြေအနေသို့ ရောက်ရှိရန် အချိန်ကြာမည်ဟုလည်း ဒေသခံများက သုံးသပ်နေကြသည်။

“ ပစ္စည်းတွေသွင်းဖို့ကို တရားဝင်မကြေညာရသေးတော့ ကားသမားတွေကလည်း မတင်ရဲသေးဘူး။ ပြင်ဆင်နေဆဲပေါ့လေ၊ သာမာန်ကားတွေတော့ သွားလာနေကြပြီး၊ အခြေ အနေကိုတော့ စောင့်ကြည့်ရမှာပေါ့လေ”ဟု ယာဉ်မောင်းသူနှင့် နီးစပ်သူများက ဆိုသည်။

အဆိုပါအမှတ် (၂) တံတားသည် လုံခြုံရေးအခြေအနေများနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီပိတ်ထားခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံအကြား အရေးကြီးသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး နေ့စဉ်ကုန်တင်ယာဉ်များ၊ ခရီးသွားများဖြတ်သန်းသွားလာနေသည့် နယ်စပ်ဝင်ပေါက်လည်း ဖြစ်ကြောင်း သိရသည်။

မြဝတီ အမှတ် (၂) တံတားသည် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး တစ်ရက်လျှင် ကုန်စည်တန်ဖိုး သန်းပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တံတားပြန်ဖွင့်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် အလုပ်သမားများ၊ ခရီးသွားများနှင့် ဒေသခံများ၏ သွားလာရေးအဆင်ပြေမှုများလည်း တိုးတက်လာမည်ဟု ဆိုသည်။

ပြီးခဲ့သည့်ဧပြီလကလည်း ကုန်သွယ်ရေးတွင် အရေးပါသည့် ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က ပြန်ဖွင့်ခဲ့ပြီး အမှတ် ၂ တံတားကို တပြိုင်တည်းဖွင့်လှစ်မည်ဟု သတင်းများထွက်ခဲ့သော်လည်း ယနေ့ရောက်မှသာ ထိုတံတားကို ဖွင့်လှစ်ပေးခဲ့သည်။

May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...
May 29, 2026
တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးစဉ်...
May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...