စစ်တပ်ဖမ်းထားသည့် မောတောင်ဒေသခံများ ပြန်လွတ်မလာသေး

စစ်တပ်ဖမ်းထားသည့် မောတောင်ဒေသခံများ ပြန်လွတ်မလာသေး

တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံများ ရက်သတ္တပတ်ကြာသည်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

မောတောင်မြို့ အမှတ် ၆ ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်အဖွဲ့မှ အဆိုပါရွာအတွင်းရှိ စစ်ဘေးရှောင်ဒေသခံ ၁၀၀ ကျော်ကို မေလ ၁၆ ရက်နေ့တွင် ဖမ်းဆီးပြီး ၎င်းတို့၏ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ခဲ့သည်။

စစ်တပ်ထံ ဖမ်းဆီခံရသည့် စစ်ဘေးရှောင် ဒေသခံများသည် မေလ ၂၇ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အပြင် မြို့အတွင်းကျန်ရှိနေသည့်ဒေသခံများကိုလည်း မြို့အပြင်သို့ သွားလာခွင့်လည် ပိတ်ပင်ထားသည်ဟု ‌တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့လူတွေလဲ မလွတ်သေးဘူး။ မြို့အထဲမှာရှိတဲ့ လူတွေလဲ အပြင်မပေးထွက်ဘူး။ သူတို့နဲ့အတူပေးနေနေတာ ဒါတွေမကဘူး။ ဒေသခံတွေ ရိုက်တယ်၊ ထုတယ်။ ဒါတွေက သူတို့လုပ်နေကျပဲလေ ပြောစရာတောင်မလိုတော့ဘူး။ စစ်ဆေးတာတွေလဲ လုပ်နေတယ်။ ဘယ်သူက တော်လှန်ရေးသမားတွေနဲ့ ပတ်သက်နေတာမျိုးလဲပေါ့။ ” ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် စစ်တပ်က မောတောင်မြို့ အမှတ် (၃) ရွာတွင် စာသင်ကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များကိုလည်း နယ်မြေရှင်းလင်းမှုလုပ်ဆောင်စဉ် မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်။

မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ထားသည့် စစ်ကော်မရှင်တပ်သားများသည် ဘုန်းကြီးကျောင်းအပါအဝင် စစ်ဘေးရှောင် နေအိမ်များကို ဝင်ရောက်ပြီး ဆိုင်ကယ်၊ ကား စသည့် တန်းဖိုးရှိ ပစ္စည်းများကို ယူဆောင်နေကြောင်း အထက်ပါ ရဲဘော်က ဆက်ပြောသည်။

“ သူတို့က ဒေသခံတွေရဲ့ အိမ်ကိုလိုက်ဖောက်တယ် ကားရှိရင် ကားသိမ်း၊ ဆိုင်ကယ်ရှိ ဆိုင်ကယ်သိမ်း၊ အိမ်သော့ခပ်ထားရင် ရိုက်ဖွင့်ပြီး ရှိသမျှပစ္စည်းတွေ ရှာဖွေသိမ်းဆည်းသွားကြတယ်၊ ဘုန်းကြီးကျောင်းလည်း မကျန်ဘူး။ အကုန်ရိုက်ဖွင့်နေကြတယ်။ ‌ဟိုနေ့ကလည်း စာသင်‌ကျောင်းတွေနေအိမ်တွေ မီးရှို့တယ်။ အိမ်မီးရှို့တာတော့ သူတို့ လုပ်နည်းထုံးစံပါပဲ။ ” ဟု ဆိုသည်။

ဧပြီလအတွင်းမှစ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှု၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုကြောင့် မောတောင်မြို့ပေါ် ရပ်ကွက်များအပါအဝင် ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံပြည်သူ ၅၀၀၀ နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ထိုစစ်ဘေးရှောင်ဒေသခံများသည် လက်ရှိတွင် ထိုင်းဘက်သို့ ရောက်ရှိနေသူများရှိသလို ထိုင်း-မြန်မာနယ်စပ်အနီးနှင့် တောတောင်ဥယျာဉ်ခြံများတွင်လည်း ရောက်ရှိနေသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအရ အရေးပါသည့် မောတောင်မြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးနောက် ၂၀၂၆ မေလ ၁၉ ရက်နေ့တွင် စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...