စစ်တပ်ပြန်ထိန်းချုပ်ထားသည့် သီပေါမြို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

စစ်တပ်ပြန်ထိန်းချုပ်ထားသည့် သီပေါမြို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသဖြင့် နှစ်ဖက် စစ်ရေး အခြေအနေ ပြန်လည်တင်းမာလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

မေလ ၂၄ ရက်နေ့၊ ညနေ ၆ နာရီနှင့် ၇ နာရီခွဲဝန်းကျင်တွင် သီပေါမြို့အနီးကို န ရှော့တိုက်ဒုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့သည်။

သီပေါမြို့ခံတစ်ဦးက “၂ လုံး ပစ်လာတာ။ ဘယ်အဖွဲ့က ပစ်လာလဲတော့ မသိဘူး။ မြို့ပေါ်နဲ့ တပ်ထဲကျတယ်လို့ တော့ ကြားတာပဲ။ အတိအကျတော့ မသိဘူးပေ့ါဗျာ။ ပေါက်ကွဲသံကတော့ မြို့ထဲအထိ အကျယ်ကြီး ကြားရ တယ်။ စစ်တပ်က မြို့ကို ပြန်ယူထားပြီးကတည်းက အခုလိုမျိုး အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ နေနေရတာ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့နယ်မှ စစ်အုပ်စု၏ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ် တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် “ရှော့တိုက်ဒုံးအပစ်ခံရ။ အားလုံးဘေးကင်းကြပါသည်” ဟု ရေးသားထားပြီး၊ ဒုံးသီး များမှာ မြို့ပြင်အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ခဲ့သည့် သီပေါမြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်အစိုးရ၏ ကုန်သွယ်ရေးလမ်းကြောင်း ဖိအား ပေးမှုများကြောင့် စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်အထိ စစ်တပ် အနေဖြင့် မြို့ပေါ်ရပ်ကွက်အချို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ လည်ပတ်နိုင်ခြင်း မရှိသေးပေ။

ဒေသတွင်း စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ရှမ်းမြောက်အခြေစိုက် စစ်ရေးလေ့လာသူတစ်ဦးက “တရုတ် ဖိအားကြောင့် မြို့ပေါ်ကို စစ်တပ်က ပြန်ထိုင်ခွင့်ရတယ်ဆိုပေမယ့် မြို့ပြင်ထွက်တာနဲ့ တော်လှန်ရေးအဖွဲ့တွေ ဝိုင်းထားတဲ့ အနေအထားပါ။ ဒုဌဝတီမြစ်ကူးတံတားရဲ့ တစ်ဖက်ခြမ်း သီပေါ-လားရှိုး လမ်းပိုင်းကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသလို၊ မြို့ပြင်ကျေးရွာတွေမှာလည်း ရှမ်းတပ် (SSPP) က တပ်စွဲထားတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက တံတားကို အပြန်အလှန် ပိတ်ထားရတဲ့အထိ စစ်တပ်ဘက်က စိုးရိမ်စိတ် မြင့်နေ တာ” ဟု ပြောသည်။

အလားတူ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကိုလည်း ဧပြီလအတွင်း ၄ ကြိမ်ထက်မနည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံခဲ့ရသည်ပြပင် ခြေလျင်တပ်ရင်း (၄၁) ထဲကိုလည်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံခဲ့ရဖူးသည်။

ထို့ကြောင့် ရှမ်းမြောက်ဒေသရှိ စစ်တပ် ပြန်လည် အခြေစိုက်ရာ မြို့ပြစခန်းများသည် တော်လှန်ရေး ပူးပေါင်း တပ်များ၏ အချိန်မရွေး ပြန်လည်စီးနင်းတိုက်ခိုက်ခြင်း ခံရနိုင်သည့် မရေရာသော စစ်ရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။

Most read this week

ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...