ချင်းအပါအဝင် မြန်မာကလေးငယ်များ လေကြောင်းတိုက်ခိုက်မှု ရင်ဆိုင်နေရဆဲ

ချင်းအပါအဝင် မြန်မာကလေးငယ်များ လေကြောင်းတိုက်ခိုက်မှု ရင်ဆိုင်နေရဆဲ

ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြောသည်။ 

ကျောင်းသားကလေးငယ် ၂၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အိုးထိန်းကွင်းကျေးရွာစာသင် ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုဆက်လက်ရင်ဆိုင်ခံစားနေရသည်ဟု မေလ ၁၂ ရက်နေ့က IIMM ကသတင်း ထုတ်ပြန်သည်။ 

ယခုလအစောပိုင်းတွင် ချင်းပြည်နယ်ရှိ ရွာတစ်ရွာမှ ကလေးကစားကွင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ  အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရသည်ဟု IIMM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ 

ယင်းဖြစ်စဉ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး ခေါပွီချစ်ပ်ရွာကို မေလ ၁ ရက်နေ့က စစ်တပ်က ဗုံးကြဲခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး ကလေး ၆ ဦး နှင့် လူကြီးတစ်ဦးသေဆုံးခဲ့သည်။ 

အရပ်သားများကို မခွဲခြားသော သို့မဟုတ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု IIMM ကပြောသည်။ 

"ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ် နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်။ ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ” ဟု IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။ 

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်းကလည်း ချင်းပြည်နယ်အပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ များရှိ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသည်။ 

ထို့အပြင် မတ်လအတွင်းက တနင်္သာရီတိုင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြစ်ပွားခဲ့သော ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအပေါ် တိုက်ခိုက်မှုများကိုလည်း IIMM က အထူးပြုစုံစမ်းနေကြောင်း ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်အထိ ကလေးငယ်များ သေဆုံးဒဏ်ရာရစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ရှိသည်ဟု IIMM က ဖော်ပြထားသည်။ 

အဆိုပါ ဖြစ်ရပ်များကို ကိုယ်တိုင်မကြုံခဲ့ရင်တောင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်နိုင်သည့် အန္တရာယ်နှင့် စိတ်ဖိစီး မှုက ကလေးများကို နက်ရှိုင်းကြာရှည်စွာ သက်ရောက်မှုရှိနိုင်ကြောင်းလည်း ဆိုသည်။ 

“ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက် တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။  

လက်ရှိတွင် IIMM အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် မြန်မာ့လေတပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးကွင်း ဆက်ဆိုင်ရာ အထောက်အထားများကို စုဆောင်းစိစစ်နေပြီဖြစ်ကာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက် သည့် အထောက်အထားများရှိပါက Signal နံပါတ် +41 76 691 12 08 သို့မဟုတ် Proton Mail ([email protected]) မှတစ်ဆင့် လုံခြုံစွာ ဆက်သွယ်ပေးပို့နိုင်ကြောင်းလည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန် သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့သည် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြု နိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတ မှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ကာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ 

May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...