စိုက်ပျိုးမြေများရေမြုပ်နေသည့် ဒေသများမှာနေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ဖြစ်သည်။
“စပါးပင်တွေက အပင်နုရင်တော့ ရေမြုပ်ပြီး တစ်ပတ်၊ ဆယ်ရက်လောက်ပဲ ခံပါတယ်။ အမြစ်ပုတ်သွားတာကိုး”ဟု ဧရာဝတီတိုင်းမှ လယ်သမားကြီးတစ် ဦးက ပြောသည်။
စိုက်ပျိုးမြေများ ရေမြုပ်နေသည့် ဒေသများအနက် စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတွင် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၆,၅၀၀ ဧကနှင့် ပဲခူးတိုင်းတွင် ၁၀၉,၄၀၂ ဧကတို့ ရေမြုပ်နေသည်ဟု လယ်/ဆည်က ထုတ်ပြန်ထားသည်။
ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက်ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်းတို့ လုပ်ဆောင်ရန် ယမန်နေ့ကပြုလုပ်သည့် အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသည်။








