ကရင် သတ္တုတွင်း ဗုံးကြဲရာ တရုတ် လုပ်ငန်းရှင်အပါအဝင် အလုပ်သမားများ ထိခိုက် သေဆုံး

ကရင် သတ္တုတွင်း ဗုံးကြဲရာ တရုတ် လုပ်ငန်းရှင်အပါအဝင် အလုပ်သမားများ ထိခိုက် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း လုပ်ကွက်များကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များ အပါအဝင် အလုပ်သမားအများအပြား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အုပ်စုသည် Y-12 လေယာဉ်ဖြင့် မက္ကသာမိုင်းတွင်း အမှတ် (၁) မှ (၅) အထိ နေရာများကို (၆) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်နှင့် မိုင်းလုပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်ကုသပေးနေရသည်။

မြေပြင်သတင်းရင်းမြစ်က "တရုတ်တစ်ယောက်ကတော့ ဒဏ်ရာ အရမ်းပြင်းထန်တော့ ထိုင်းဘက်ကို ပို့လိုက်တယ်။ ကျန်တာက ဒီမှာပဲ ကုလိုက်တယ်” ဟု ပြောသည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုတွင် သေဆုံးသူများရှိနေပြီး အလောင်းများသည် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြတ်တောက်နေသောကြောင့် အရေအတွက် အတိအကျနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေသည်ဟု ဆိုသည်။

ယခင်အစိုးရလက်ထက် ကတည်းက တရားဝင်ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေသည့် ဤမိုင်းတွင်းတွင် ထိုင်းနှင့် တရုတ်ကုမ္ပဏီများလည်း ပါဝင်ပတ်သက်နေသည်။

စစ်အုပ်စုအနေဖြင့် အဆိုပါ မိုင်းတွင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် KNU ၏ စီးပွားရေးထောက်တိုင် များကို ဖြိုခွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ (၆) နှင့် နီးစပ်သူတစ်ဦးက သုံးသပ် ပြောဆိုသည်။

“စစ်တပ်က အဓိကတော့ ကေအဲန်ယူမြေမှာရှိတဲ့ ဝင်ငွေလမ်းကြောင်း တွေကိုပိတ်ဆို့တဲ့သဘောပေါ့။ တရုတ် လုပ်ငန်းရှင်တွေ လုပ်ခြုံမှု မရှိတော့ရင် လာကြမှာမဟုတ်တော့ဘူး။ နောက်ပြီးတော့ ဒီ ပြည်တွင်းလုပ်ငန်းရှင် တွေလည်း လာလုပ် မရဲအောင်လုပ်တဲ့ သဘောပဲ။"

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုင်းလုပ်ငန်းခွင်ရှိ အဆောက်အအုံအများအပြား ပျက်စီးသွားခဲ့ကာ မိုင်းလုပ်သားများ သည်လည်း ဘုရားသုံးဆူမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မက္ကသာနှင့် သဗြုသတ္တုခဲမိုင်းတွင်း နေရာများသည် ၂၀၂၂ ခုနှစ်မှစ၍ စစ်အုပ်စု၏ နှစ်စဉ် လေကြောင်းတိုက်ခိုက်မှု ကို ခံနေရသည့် နေရာများဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း မက္ကသာမော်ဖားထောကျေးရွာတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကြောင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

လက်ရှိတွင် မြဝတီမြို့တောင်ပိုင်းနှင့် ဝေါ်လေဒေသများ၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော်လည်း ဘုရားသုံးဆူမြို့ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုက လေကြောင်းမှတစ်ဆင့် အရပ်သားများနှင့် စီးပွားရေးလုပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...