မွန်တွင် အပူဒဏ်ကြောင့် ဆေးကုသခံနေရသူများပြား

မွန်တွင် အပူဒဏ်ကြောင့် ဆေးကုသခံနေရသူများပြား
ပုံ-Myanmar Red Cross Society
ပုံ-Myanmar Red Cross Society

ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊ ဆေးခန်းများတွင် အပူကြောင့်ဖြစ်သည့် ကျန်းမာရေးပြဿနာများဖြင့် ဆေးကုသမှု ခံနေရသူများကြောင်း ဒေသခံနှင့် ဆေးရုံ၊ဆေးခန်းတာဝန်ရှိသူများက ပြောသည်။

အပူဒဏ်ကြောင့် ပြီးခဲ့သည့် သင်္ကြန်ရက်မှစ၍ ကလေးသူငယ်၊ သက်လတ်ပိုင်း၊ သက်ကြီးသက်ရွယ်အိုများတွင် အပူရှပ်ခြင်း၊ ကိုယ်ပူခြင်း၊ ဝမ်းလျှောခြင်း စသည့် ကျန်းမာရေးဆိုင်ရာရောဂါများ ပိုမိုကြုံတွေ့နေရသည်။

ချောင်းဆုံဆေးရုံတာဝန်ရှိသူတစ်ဦးက “အခုတော့ ဆေးရုံမှာလာပြတာက ဒီအဖျားတက်တဲ့သူတွေပိုများတယ်၊ ကလေးတွေ လူကြီးတွေပေါ့၊ ဖြစ်နိုင်ရင် အပြင်မသွားနဲ့။ ညနေ ၆ နာရီလောက်မှ သွားစရာရှိတာသွား။ အပြင်သွားရင်လည်း ထီးတွေ၊ လက်ရှည်တွေယူသွား။ အဖျားတက်လွယ်တယ်။ သတိထားပြီး သွားလာကြပါ” ဟု ထိုသူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း ချောင်းဆုံမြို့နယ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆီတန်းစီပြီးအပြန် အပူရှပ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အထူးသဖြင့် အပူဒဏ်ကြောင့် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုများနေသည်ဟု ကလေးမိခင်တစ်ဦးက ဆိုသည်။

ကလေးမိခင်တစ်ဦးက “ ကျမတို့ဆီမှာလည်း ဖြစ်တာများတယ်။ ကလေးမှာတွေပဲ အဖြစ်များတယ်။ ဝမ်းလျှောလိုက်၊ ကိုယ်ပူလိုက်နဲ့ပဲ တိုင်ပတ်နေကြတာ၊ နေကလည်း အရမ်းပူတော့ ကလေးတွေကအစ နေရထိုင်ရခက်တယ်”ဟု သူက ပြောသည်။

မြန်မာနိုင်င်တောင်ပိုင်း ဒေသများသည် ပုံမှန်အပူချိန်ထက် ဝ.၅ ဒီဂရီစင်ဒီဂရိတ်မှ ၁ ဒီဂရီစင်ဒီဂရိတ်အထိ မြင့်တက်လာနေသည်ဟု မိုးလေဝဿပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်များအရ သိရသည်၊

အပူဒဏ်ကြောင့် ခေါင်းမူးခေါင်းနောက်ခြင်း၊ ကြွက်တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန်တက်ခြင်း၊ ချွေးခမ်း ခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်း စသည့် အသက်အန္တရာယ်အထိ ဖြစ်ပေါ်လာနိုင် သည့်အတွက် နေပူထဲတွင် အလုပ်လုပ်ခြင်း၊ အပြင်ထွက်သွားလာခြင်းများကို ဆင်ခြင်ကြရန် လိုအပ် သည်ဟု ကျန်းမာရေးဌာနမှ တိုက်တွန်းထားသည်။

အပြင်မှ ပြန်လာသည့်အခါတွင်လည်း အဲယားကွန်းခန်းထဲ ချက်ခြင်းမဝင်ကြရန်၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းများကို ရှောင်ကြည်ကြရန်၊ ရေများများသောက်ပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ကြရန် လိုအပ်သည်။

အပူချိန်ပြင်းထန်သည့် ကာလတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုများကြောင့် အရေပြားကင်ဆာအပါအဝင် အရေပြားနှင့် သက်ဆိုင်သည့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် မဖြစ်မနေ အပြင်ထွက်သည့်အခါ ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်နှင့် နေကာမျက်မှန်ကိုလည်း အသုံးပြု ဝတ်ဆင်သင့်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းထားသည်။

June 26, 2026
မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉...
June 25, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် ဝန်ထမ်းများအား...
June 24, 2026
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသတွင် ထိတွေ့တိုက်ပွဲများ မရှိသော်လည်း...
June 23, 2026
မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားခဲ့သူ ၃ ဦးကို...