မြိတ်-ထားဝယ်လမ်းပိုင်းပေါ်သို့ အခြေအနေစောင့်ကြည့်သွားလာနေရ

မြိတ်-ထားဝယ်လမ်းပိုင်းပေါ်သို့ အခြေအနေစောင့်ကြည့်သွားလာနေရ
ပုံ-Facebook
ပုံ-Facebook

တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို ယာဉ်များပြန်လည်သွားလာခွင့်ပြုသော်လည်း စစ်ဆေးတင်းကြပ်ထားသဖြင့် အခြေအနေစောင့်ကြည့်၍ သွားလာနေရကြောင်း ယာဉ်မောင်းနှင့်ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ပိတ်ထားသည့် မြိတ်-ထားဝယ်ကားလမ်းပိုင်းကို ဧပြီလ ၁၈ ရက်နေ့ ကစပြီး စစ်ကော်မရှင်ဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်သဖြင့် ယာဉ်များ သွားလာနေကြောင်း ဆိုသည်။

လမ်းပိုင်းသို့ နယ်ကျော်ဖြတ်သန်းသွားလာသူများ မိမိ၏ နေရပ်ထောက်ခံစာနှင့် သွားရောက်မည့် ရပ်ကွက်၏ ထောက်ခံစာများ ပါရှိရမည်ဖြစ်ပြီး လိုင်းကားဖြင့် သွားလာသူများကို စစ်ဆေးတင်းကြပ်နေကြောင်း လမ်းပိုင်းအခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။

"သွားလာလို့ရနေပါတယ်။ ဒါပေမယ့် စိတ်မချရသေးပါဘူး။ တစ်ခါတစ်ရံ ပစ်ခတ်မှုတွေရှိနေဆဲဘဲ။ လမ်းစုံစမ်းပြီးမှ သွားလာနေကြတာ။ လက်ရှိတော့ လိုင်းကားတွေ သွားလာနေကြတယ်။ စစ်ဆေးမှုတွေရှိတယ်။ နယ်ကျော်ဆို ထောက်ခံစာ ၂ ခုလိုတယ်။ ကိုယ်ပိုင်ကားဆိုသိပ်မစစ်ဘူး"ဟု အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

၎င်းအပြင် အဆိုပါ မြိတ်-ထားဝယ် ကားလမ်းပိုင်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သွားလာခွင့်ပြုထားသော်လည်း ပုလောမြို့နယ်အတွင်း ဖြတ်သန်းသွားလာပါက နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ခွင့်ပြုထားကြောင်းလည်း ဆိုသည်။

စစ်ကော်မရှင်ဘက်မှ သွားလာခွင့်ပြုလိုက်သည့်အပြင် စစ်ဆေးမှုများလည်း လုပ်ဆောင်နေသည့်အတွက် ယာဉ်အချို့အသွားအလာ မပြုလုပ်ရဲကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လမ်းက အချိန်မရွေးပြန်ပိတ်နိုင်ပါတယ် ပြီးတော့ စစ်တပ်ဘက်က စစ်ဆေးတာတွေ လုပ်နေတယ် တချို့ကလဲ ပစ္စည်းပို့စရာတွေရှိရင် အမြန်ပို့နေကြတယ်။ သွားစရာရှိရင် သွားကြတာပဲ လမ်းဖွင့်တုန်းဆိုတော့။ တချို့ကလဲ ကြောက်လို့ အသွားအလာမလုပ်ရဲသေးဘူး။ ”ဟု သူက ဆိုသည်။

မြိတ်-ထားဝယ်ကားလမ်းပိုင်းရှိ ဝင်းဝတပ်စခန်းကို စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံများကို ဖမ်းဆီးပြီး အကာအကွယ်ယူကာ နယ်မြေရှင်းလင်းရေး ယနေ့အထိ လုပ်ဆောင်နေသည်။

စခန်းမှ လက်နက်ကြီး ရမ်းသမ်းပြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲကြသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စတင်ဖြစ်ပွားခဲ့သည့် ဝင်းဝစခန်းသိမ်းတိုက်ပွဲကြောင့် လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

ထို့နောက် ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ မတ်လ ၁၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည့်ရက်မှစ၍ ပြန်လည်လက်လွှတ်ခဲ့ရသည့် ကာလအတွင်း အဆိုပါလမ်းပိုင်းကို ၃ ကြိမ်ထက်မနည်း အဖွင့်အပိတ်လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင်လည်း တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ရှိ ဘောဓိကမ်း – ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းတစ်လျှောက်ဖြစ်သော ဘန်လော၊ ၅ မိုင်၊ ၆ မိုင် နှင့် ထုံတော်ကျေးရွာများတွင် စစ်ကောင်စီတပ်များက အင်အားသုံး၍ တပ်ဖြန့်နေရာယူထားပြီး အချိန်မရွေးတိုက်ပွဲပြင်းထန်နိုင်သဖြင့် ဒေသခံပြည်သူများ လုံခြုံရာနေရာသို့ တိမ်းရှောင်ရန် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတိပေးထားသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...