ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း ပထမဆုံးအစည်းအဝေးကို ဧပြီလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ၎င်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး PDF များကိုမူ လက်နက်ချရန် ပြောကြားသွားသည်။
၎င်းက NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့များသာမက လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုပါ ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“EAO တွေမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ မထိုးရသေးတဲ့အဖွဲ့တွေပါ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမှာပါ” ဟု စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်သော ၂၀၂၆ သမ္မတ မင်းအောင်လှိုင်က ပြောသည်။
သို့သော် အဖွဲ့အစည်းများအနေဖြင့် မဖြစ်နိုင်သည်များကို တောင်းဆိုခြင်းမပြုရန်နှင့် အကျိုးဆက်များကို သတိပေးခဲ့သည်။
“ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုနေရင်တော့ မှားသွားမယ်။ နိုင်ငံတော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
PDF များနှင့်ပတ်သက်၍ ပြောကြားချက်
PDF များကိုမူ အကြမ်းဖက်အဖွဲ့များဟု ရည်ညွှန်းပြောဆိုပြီး နိုင်ငံရေးအရ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အသုံးချခံနေရသူများဖြစ်၍ “အလင်းဝင်ကြ” ပါဟု သူက တိုက်တွန်းသွားသည်။
PDF များသည် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေပြီး သယံဇာတများကို ကိုယ်ကျိုးအတွက် အသုံးပြုနေကြသည်ဟု ၎င်းက စွပ်စွဲပြောဆိုသည်။
“PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို ကျူးလွန်နေကြသည်ကို တွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများ တောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိသည့် သစ်တောသယံဇာတများ၊ မြေပေါ် မြေအောက် သယံဇာတများကို တရားမဝင် ထုတ်ယူ၍ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း” ဟူ၍ ပါရှိသည်။
PDF များ ပေါ်ပေါက်လာခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိခြင်းနှင့် ပညာရေးနှင့် အသိပညာ အားနည်းချက်ကို အသုံးချကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
လက်ရှိတွင် PDF များ အလင်းဝင်မှု များပြားနေပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နယ်မြေတွင် ရာနှင့်ချီ၍ အများဆုံး ဝင်ရောက်နေသည်ဟု ၎င်းက ပြောသည်။
ရက် ၁၀၀ သတ်မှတ်မှု
ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးကြရန်နှင့် အလင်းဝင်ကြရန် သူက ပြောသည်။ ဧပြီလ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်ထားရာ ရက်အားဖြင့် ၁၀၃ ရက် ရှိသည်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်အတွင်း တွေ့ဆုံမှုမရှိတော့သည့် KNU၊ CNF နှင့် ABSDF စသည့်အဖွဲ့များကို အမည်တပ်၍ အထူးတလည် ဖိတ်ခေါ်သွားခဲ့သည်။
ထို့ပြင် NCA အရ သဘောတူညီထားသည့် အချက် ၄၃ ချက်နှင့် Union Accord ပါ သဘောတူညီချက်များကိုလည်း လာမည့် ပြည်ထောင်စုလွှတ်တော်တွင် အပိုင်းလိုက် တင်ပြဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီး ငါးနှစ်နီးပါးအကြာတွင် ၎င်းကိုယ်တိုင် ဦးစီးကျင်းပခဲ့သည့် ရွေးကောက်ပွဲမှတဆင့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထို့နောက် ၎င်းသည် စစ်ဘက်ဆိုင်ရာ ရာထူးနှင့် အဆောင်အယောင်များကို စွန့်လွှတ်ကာ အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။







