ဗိုလ်ချုပ်ဂွန်မော်က တော်လှန်ရေးလုပ်ငန်းကို လက်တွဲလုပ်ဆောင်ဖို့ပြော

ဗိုလ်ချုပ်ဂွန်မော်က တော်လှန်ရေးလုပ်ငန်းကို လက်တွဲလုပ်ဆောင်ဖို့ပြော
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နဲ့ အဖွဲ့ ရှမ်းမြောက် ဒေသဘက်က လက်နက်ကိုင်တပ်ဖွဲ့အချို့နဲ့ တွေ့ဆုံချိန် တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံး အတူတကွလက်တွဲပြီး တော်လှန်ရေးလုပ်ငန်းကို လျှောက်လှမ်းဖို့ ပြောဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ဂွန်မော်နဲ့ အဖွဲ့ ရှမ်းမြောက်ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(SSPP)နဲ့ ကိုးကန့်တပ် (MNDAA)အဖွဲ့တို့နဲ့ တစ်ဖွဲ့ချင်းတွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံချိန် သဘောတူညီမှု ရယူတာတွေ ဆုံးဖြတ်ချက် အစည်းအဝေးမှတ်တမ်း ပြုလုပ်တာမျိုးမရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အလွတ်သဘော တွေ့ဆုံတဲ့သဘောသာ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"MNDAA၊ TNLA၊ SSPP ခေါင်းဆောင်အချို့နဲ့တွေ့ဆုံတာ ရှိတယ်။ ဒါပေမဲ့ အကုန်လုံးနဲ့ အတူထိုင်ပြီး ဆွေးနွေးတာမဟုတ်ဘူး။ တစ်ဖွဲ့ချင်းတွေ့ပြီး အချင်းချင်း အားပေးတာတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံး အတူတကွ လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းကို လျှောက်လှမ်းဖို့တွေ၊ ပြီးတော့ ရှမ်းမြောက်မှာရှိတဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လုပ်ငန်းတွေ တတ်နိုင်သမျှရှောင်ကြဉ်ဖို့၊ ပြည်သူလူထုကို စိတ်ညစ်အောင်လုပ်တာတွေ ရှောင်ကြဉ်ကြဖို့၊ အချင်းချင်းအားပေးတာတွေပေါ့။"လို့ ပြောပါတယ်။

MNDAAနဲ့ TNLA ကြား ပွတ်တိုက်မှုကြောင့် ပြည်သူလူထုတွေ အခက်ကြုံရတာသိရှိရပြီး ပြည်သူလူထုအားလုံး လက်တွဲပြီး ကျော်ဖြတ်နိုင်ဖို့ အားလုံးကြိုးစားရမယ်လို့ ပြည်သူလူထုကို ပြောကြားမှုရှိတဲ့အပြင် MNDAA၊ TNLA တပ်ဖွဲ့တွေကို တွေ့ဆုံချိန်ကလည်း တပ်ဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ပြဿနာမရှိအောင် အချင်းချင်း နားလည်တန်ဖိုးထားဖို့ကိုလည်း ပြောဆိုတာရှိတယ်လို့ သိရတာပါ။

အခုလို တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့ အချို့နဲ့ တွေ့ဆုံခဲ့သလို နမ့်ဖတ်ကာဦးဆောင်ကော်မတီနဲ့ အသင်းတော်တွေက ဆရာတွေသာမက အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း ဧပြီ ၄ ရက်နေ့ညက တွေ့ဆုံခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဧပြီလ ၅ ရက်နေ့မှာတော့ KBC အသင်းတော်မှာ ဘုရားကျောင်းတက်ပြီး အဲဒီနောက်မှာတော့ ဒေသခံတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

နမ့်ဖတ်ကာဒေသဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် တိုင်းရင်းသား စာပေယဉ်ကျေးမှုနဲ့ တိုင်းရင်းသားလူမျိုးတွေကို တန်းတူညီမျှ ယှဉ်တွဲနေထိုင်ရေး ဦးတည်သွားဖို့ ပြောဆိုခဲ့သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း အထူးအလေးပေး ပြောဆိုသွားတယ်လို့ သိရတာပါ။

ဒါ့အပြင် ဒေသတွင်းက တိုင်းရင်းသား ကျောင်းအသီးသီးကိုလည်း အသိအမှတ်ပြုကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာကိုလာပြီး ဗိုလ်ချုပ်ကြီးဂွန်မော်က ဒေသခံတွေနဲ့ လာတွေ့ဆုံတာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ရဲ့ ခရီးစဉ်ဟာ တော်လှန်ရေးအင်အားစုအချင်းအချင်း တင်းမာမှုတွေ လျော့ကျနိုင်ပြီး ပြန်လည်စုစည်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပထမကတော့ တော်လှန်ရေးအင်အားစု အချင်းချင်းကြားထဲမှာ တင်းမာမှုတွေကို လျော့ချလာမယ်။ လက်နက်ကိုင်တပ်ဖွဲ့၊ အင်အားစုတွေ ပြန်ပြီးမှ စုစည်းရေးကို လုပ်ဆောင်လာဖို့က အကျိုးသက်ရောက်မှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်။"လို့ ဆိုပါတယ်။

နမ့်ဖတ်ကာဒေသကို ကချင်လွတ်လပ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ နမ့်ဖတ်ကာဒေသမှာ အိမ်ခြေ ၃,၀၀၀ ကျော်ရှိ တယ်လို့ သိရပါတယ်။

ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...
April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...