မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို ခြိမ်းခြောက် ဖိအားပေးနေခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက် (KSHRDN) က ပြောဆိုလိုက်သည်။
နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်ရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆိုင်းငံ့ထားသည့် မြစ်ဆုံရေကာတာစီမံကိန်းကို စစ်ကော်မရှင်က ပြန်လည်စတင်ရန် လုပ်ဆောင်လာခြင်းမှာ ပြည်သူလူထု အကျိုးစီးပွားထက် လူတစ်စုအကျိုးကိုသာ ရှေ့ရှုသည့် လုပ်ရပ်ဖြစ်သဖြင့် (KSHRDN) က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW က တာဝန်ရှိသူ တစ်ဦးက “ဒီလိုမျိုးလက်ရှိ နိုင်ငံရေးပဋိပက္ခ ကို လုံးဝဆွေးနွေးမှုတွေ မလုပ်ဆောင်နိုင်သေးခင်၊ အဖြေရှာမှုတွေ မလုပ်နိုင်သေးခင်မှာ ဘယ်စီးပွားရေး၊ ဘယ် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းမှ လုပ်ဆောင်ဖို့ မသင့်ဘူးလို့ ကျမအနေနဲ့ မြင်ပါတယ်။ ဒီအပေါ်မှာ ဇွတ်လုပ် သွားမယ်ဆိုရင် ဒီဖွံ့ဖြိုးရေးက လူတစ်စုစာ အတွက်ပဲ အကျိုးပြုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
စစ်ကော်မရှင်သည် ၂၀၁၁ ခုနှစ်ကတည်းက လူထုကန့်ကွက်မှုကြောင့် ယာယီဆိုင်းငံ့ထားခဲ့ရသည့် အဆိုပါ စီမံကိန်းကို လက်ရှိအခြေအနေတွင် အခွင့်ကောင်းယူကာ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
စီမံကိန်းနယ်မြေအတွင်းရှိ ဒေသခံများကို စည်းရုံးသိမ်းသွင်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ကန့်ကွက်မှုမလုပ်ရန် ဖိအားပေးခြင်းများ လုပ်ဆောင်နေသည့်အပေါ် ဒေသခံများက စိုးရိမ်နေကြသည်။
စီမံကိန်းကြောင့် ဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမည့်အရေးအပြင် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် ရေကာတာကြီး၏ ဘေးအန္တရာယ်မှာလည်း ကြီးမားလှသည်။
KHRW တာဝန်ရှိသူက “ကမ္ဘာပေါ်မှာ ဘယ်လောက်ကြီးမား ခိုင်ခံ့ပါတယ်ဆိုတဲ့ ရေကာတာ စီမံကိန်းတွေပဲ ဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ဆိုးဝါးတဲ့အခြေအနေ၊ ငလျင်ကြောမှာ ရှိနေတယ်ဆိုရင်တော့ အင်မတန်မှ ကြောက်ဖွယ်ကောင်းပါတယ်။ ဒီတိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုး ရေကာတာစီမံကိန်းတွေကို ဘယ်သူ အာမခံပေးသလဲ။ ဖြစ်သွားလို့ရှိရင် ကျမတို့မှာ ပရိုတက်ရှင် မက်ကင်းနစ်ဇင်တွေ ဘာမှချမှတ်ထားတာ မရှိဘူး။ ကျမတို့ ပြည်သူတွေရဲ့ အသက်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ မလုပ်ထားပါဘူး” ဟု ဆက် ပြော သည်။
မြေပြင်တွင် စစ်ကော်မရှင်၏ စည်းရုံးဖိအားပေးမှုများကြောင့်လည်း ဒေသခံများသည် စိုးရိမ်ထိတ်လန့်မှုများ ခံစားနေကြရသည်။
(KSHRDN) ပြောခွင့်ရ ဂျေကော့က “ပြည်သူတွေကို ကြည့်ရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော Negative ဘက်က ပိုပြီး ခံစားလာရတဲ့ အခြေအနေရှိပါတယ်။ စစ်ကောင်စီက အမြဲတမ်းလာတွေ့တာမျိုး၊ ဘာမှ ကန့်ကွက်ဆန္ဒမပြဖို့ လာပြောတာမျိုးတွေ ရှိနေတဲ့အတွက် ဒေသခံတွေသာမက ဒီနေရာမှာရှိတဲ့သူ အားလုံးကတော့ စိုးရိမ်ထိတ်လန့်မှုတွေ ပိုခံစားလာရမယ့် အခြေအနေရှိတယ်။ တချို့ဆိုရင် အမြဲတမ်း ကြောက်ရွံ့ပြီး နေရတဲ့ အခြေအနေတွေ ရှိပါတယ်” ဟု ဆက်ပြောသည်။
KSHRDN အနေဖြင့် တရုတ်အစိုးရနှင့် စစ်ကော်မရှင်တို့ အနေဖြင့် ပြည်သူလူထု၏ အသံကို နားထောင်ပေးရန်နှင့် အန္တရာယ်ကြီးမားသည့် မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပေးရန် တောင်းဆိုထားသည်။
သိန်းနှင့်ချီသည့် စစ်ဘေးရှောင်များ ရှိနေသည့် ကချင်ပြည်တွင် ယခုကဲ့သို့ စီမံကိန်းပြန်လည် စတင်ရန် ကြိုးပမ်း မှုသည် အဖွဲ့အစည်းများကြား ယုံကြည်မှုကို ပိုမိုပျက်ပြားစေသည့်အပြင် မလိုလားအပ်သည့် ပဋိပက္ခများကိုပါ မီးစထိုးပေးရာ ရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားသည်။







