မာန်အောင်တွင် ရေလုပ်သားလေးဦး နှစ်လကျော်ကြာပျောက်ဆုံးနေ

မာန်အောင်တွင် ရေလုပ်သားလေးဦး နှစ်လကျော်ကြာပျောက်ဆုံးနေ

မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင် နှစ်လကျော်ကြာပျောက်ဆုံးနေသည့် ရေလုပ်သားလေးဦး၏သတင်းကို ယခုအချိန်ထိ အစအနမရသေးသည့်အတွက် မိသားစုများ အထူးစိုးရိမ်နေသည်ဟု သိရသည်။

ပျောက်ဆုံးနေသည့် ရေလုပ်သားလေးဦးမှာ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာမှ ဦးလူပု(၄၇)နှစ်၊ သူ၏သား ကိုထက်မြတ်လင်း (၂၄)နှစ်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာမှ ကိုဟိန်းမင်းလတ်(၂၈)နှစ်နှင့် ကိုမျိုးနိုင်ဦး(၂၈)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် ဦးလူပုပိုင်သည့်စက်လှေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားရာ ယခု ဧပြီလ ၇ ရက်အထိ နှစ်လကျော်ကြာသည့်တိုင် သတင်းအစအနမရဘဲဖြစ်နေသည့်အတွက် အထူးစိုးရိမ်နေသည်ဟု မိသားစုဝင်များက နိရဉ္စရာကို ပြောသည်။

မိသားစုဝင်တစ်ဦးက “သူတို့ပင်လယ်ပြင်ကို ငါးဖမ်းထွက်ရင်း ပျောက်သွားတာ အခုဆို နှစ်လကျော်ပြီ။ မိသားစုနဲ့ အဆက်အသွယ်လည်းမရ၊ ဘယ်လိုမှ စုံစမ်းလို့မရဖြစ်နေတယ်။ ဒါကြောင့် မိသားစုဝင်တွေက သူ့ကျန်ခဲ့တဲ့မိန်းမတို့၊ မိသားစုတွေက သက်ရှိထင်ရှားရှိသေးတယ်လို့ ခံယူထားတယ်။ သေသွားပြီ၊ မရှိတော့ဘူးဆိုတာကို လက်မခံနိုင်သေးဘူး။ တကယ်လို့ တွေ့ရှိခဲ့တယ်ဆိုရင် မိသားစုတွေကို သတင်းပေးကြဖို့၊ နောက်ပြီး တစ်ခုခုသို့ရောက်နေရင်လည်း အဆက်အသွယ်လုပ်ဖို့ပေါ့လေ။ အဓိက သက်ရှိထင်ရှားရှိသေးရင်လည်း အဲလို ပြန်ဆက်သွယ်လာဖို့၊ တခြားသူတွေ တဆင့်ခံသိရင်လည်း ကူညီပြီးတော့ အကြောင်းကြားပေးဖို့ဟာတွေ မိသားစုတွေက အင်မတန်စိတ်ပူသောကရောက်နေကြပါတယ်”ဟု ပြောသည်။

ပျောက်ဆုံးနေသည့် သူတို့လေးဦးကို ဒေသတွင်းရှိ ပင်လယ်ပြင်နှင့် ရခိုင်ရှိ အခြားမြို့နယ်အချို့တို့တွင် လိုက်လံရှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိသေးဟု ဆိုသည်။

ပျောက်ဆုံးနေသည့်ဦးလူပုတွင် ဇနီးဒေါ်ငွေကြည်သန်းနှင့်အတူ သမီးတစ်ဦးကျန်ရှိခဲ့သည်ဟု သိရသည်။

ကိုဟိန်းမင်းလတ်တွင်လည်း ဇနီး ဒေါ်ခင်မီမီအောင်နှင့် သားယောက်ျားလေးတစ်ဦးရှိသည်ဟု သိရသည်။

ကိုမျိုးနိုင်ဦးနှင့် ဦးလူပု၏သား ကိုထက်မြတ်လင်းတို့နှစ်ဦးသည် လူပျိုများဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ သတင်းအစအနရရှိပါက (သို့မဟုတ်)တွေ့ရှိပါက ဖုန်းနံပါတ် 09695427182 နှင့် 09257801376 တို့ထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးရန်လည်း မိသားစုဝင်များက အကူအညီတောင်းခံထားသည်။

မာန်အောင်မြို့နယ်သည် ရခိုင်တွင် စစ်ကော်မရှင်ထိန်းချုပ်ထားဆဲမြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

မာန်အောင်တွင် စစ်ကော်မရှင်က ရေလမ်းကြောင်းကိုအဓိကထားအသုံးပြုပြီး မာန်အောင်- ရမ်းဗြဲ-ကျောက်ဖြူဖက်သို့ စစ်နေဗီများဖြင့် အသွားအပြန် ကင်းလှည့်မှုများရှိကြောင်း သိရသည်။

ယင်းသို့ စစ်ကော်မရှင်သည် ရေလမ်းကြောင်းကိုအဓိကထားအသုံးပြုသည့်အတွက် ဒေသခံငါးဖမ်းသမားများသည် ကမ်းနီးတွင်သာငါးဖမ်းထွက်ရပြီး ကမ်းဝေးထွက်ပါက ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း မာန်အောင်-ရမ်းဗြဲ ရေလမ်းကြောင်းတွင် အရပ်သားခြောက်ဦးပါသည့် ကူးတို့စက်လှေတစ်စီးကို စစ်ကော်မရှင်ရေတပ်၏ နေဗီက ဖမ်းဆီးသွားပြီးနောက် လေးဦးကို ပြန်လွှတ်ကာ စက်လှေပိုင်ရှင်နှင့် စက်လှေနောက်လိုက်ကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...