အိန္ဒိယမှတဆင့် ရခိုင်သို့သယ်ဆောင်သည့် စက်သုံးဆီများ ဆက်တိုက်ဖမ်းဆီးခံနေရ

အိန္ဒိယမှတဆင့် ရခိုင်သို့သယ်ဆောင်သည့် စက်သုံးဆီများ ဆက်တိုက်ဖမ်းဆီးခံနေရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည် ယခုနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခံနေရသည်ဟု သိရသည်။

မီဇိုရမ်မှတဆင့် ရခိုင်သို့သယ်ဆောင်မည့် စက်သုံးဆီလီတာပေါင်း ၇,၆၂၀ ကို ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့က မီဇိုရမ်ပြည်နယ်၊ လုံး‌လေမြို့တွင် မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်ဟု သိရသည်။

ယင်းနေ့ နံနက် (၁) နာရီဝန်းကျင်တွင် အဆိုပါမြို့ရှိ Jedaz စက်သုံးဆီအရောင်းဆိုင်၌ လီတာ (၂၀၀)ဆံ့ ဆီပေပါပုံး (၃၉)လုံးအတွင်း ဆီဖြည့်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစက်သုံးဆီများသည် ရခိုင်ပြည်ဘက်သို့ တရားမဝင်ပို့ဆောင်မည့်စက်သုံးဆီများဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသအ‌ခြေစိုက် ဇိုးနက် လုံးလေသတင်းတွင် ဖော်ပြထားသည်။

အလားတူ မတ် ၂၇ ရက်နေ့ကလည်း လုံးလေးမြို့ AOC ရပ်ကွက်တွင် မြန်မာနိုင်ငံကို သယ်ဆောင်မည့်စက်သုံးဆီ ကားနှစ်စီးကို လုံးလေမြို့ရဲ့တပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

ယင်းအပြင် မတ်လ (၂၈) ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ရှိ Mezo Fed ဆီဆိုင်တွင် ရခိုင်သို့ပို့ဆောင်မည့် ဓာတ်ဆီ ၁,၆၀၀ လီတာနှင့် ဒီဇယ် ၄၀၀ လီတာကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးမှုသည် ပြည်ပသို့စက်သုံးဆီတင်ပို့မှု တားမြစ်မိန့်ထုတ်ပြန်ပြီးနောက်ပိုင်း လုံးလေခရိုင်အုပ်ချုပ်ရေးမှူး၏ ပထမဆုံးအကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် စက်သုံးဆီခိုးထုတ်မှုများကို ထိရောက်စွာဟန့်တားနိုင်ရန် ရည်ရွယ်၍ ခရိုင်အုပ်ချုပ်ရေးမှူး VL Hruaizela Khiangte က ပြီးခဲ့သည့် မတ်လ (၂၀) ရက် ရက်စွဲဖြင့် အရေးပေါ်တားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အတွင်း အစိုးရကသတ်မှတ်ထားသော ဈေးနှုန်းထက်ပိုမြင့်သည့် မှောင်ခိုဈေးနှင့် စက်သုံးဆီရောင်းချမှု မလုပ်ကြရန်၊ ဆီဆိုင်များသည် ဓာတ်ဆီ ၅၀၀ လီတာနှင့် ဒီဇယ် ၁၀၀၀ လီတာအထက်ဝယ်ယူသူများကို သိုလှောင်ခွင့်လိုင်စင်ရှိသူများကိုသာရောင်းချပေးရန်နှင့် စက်သုံးဆီများကို အိမ်နီးချင်းမြန်မာနိုင်ငံဘက်သို့ ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် တရားမဝင်ပို့ဆောင်ခြင်းများကို လုံးဝမပြုလုပ်ရန် ပါရှိသည်။

အီရန်စစ်ပွဲကြောင့် မြန်မာအပါအဝင် နိုင်ငံအချို့ စက်သုံးဆီအကျပ်အတည်းဖြစ်ပေါ်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်အချို့သည် ဒေသခံများထံရောင်းချခြင်းထက် သတ်မှတ်ဈေးထက်အမြောက်အမြားတောင်းယူကာ မြန်မာနိုင်ငံဘက်သို့ မှောင်ခိုရောင်းချနေသည်ဟု သိရသည်။

ယင်းကြောင့် ခရိုင်အတွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများအခက်တွေ့နိုင်သည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ တားမြစ်အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတားမြစ်ချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ နှစ်လအထိအတည်ဖြစ်ပြီး တားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ကြောင်း ဆိုထားသည်။

အိန္ဒိယသို့ကုန်ကူးနေသည့် ရခိုင်ကုန်သည်တစ်ဦးက "ဟိုတုန်းကဆို အော်ဒါတင်ရတယ်။ ပေပါဗူးခွံတွေ လိုက်ဝယ်ရတယ်။ ခုတော့ ဆီတွေကို ဒီဘက်မှာ ထုတ်မပေး‌တော့ဘူး။ ဒါကြောင့် ခုလို လိုက်ဖမ်းနေကြတာဖြစ်တယ်" ဟု နိရဉ္စရာကို ပြောသည်။

အိန္ဒိယနိုင်ငံဘက်မှ စက်သုံးဆီများဝင်ရောက်မှုနည်းပါးလာ၍ ချင်းပြည်နှင့် ရခိုင်ပြည်တို့တွင် စက်သုံးဆီရှားပါးမှုကိုကြုံနေရပြီး ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်မြို့နယ်အချို့၌ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁,၀၀၀၀ အထက်နှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၀၀၀၀ ခန့် ပေါက်ဈေးရှိ‌ခဲ့သည်။

အိန္ဒိယက စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်တားမြစ်မခံရမီကဆိုလျှင် ရခိုင်တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၈၅ဝဝ မှ ၁ဝဝဝဝ ကြားသာရှိခဲ့ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - Zonet Lunglei

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...