မီဇိုရမ်တွင် မြန်မာသို့ မှောင်ခိုပို့မည့် စက်သုံးဆီ လီတာ ၇,၀၀၀ ကျော် ဖမ်းဆီး

မီဇိုရမ်တွင် မြန်မာသို့ မှောင်ခိုပို့မည့် စက်သုံးဆီ လီတာ ၇,၀၀၀ ကျော် ဖမ်းဆီး
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။

ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေ (Lunglei) မြို့တွင် သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

လုံးလေမြို့ရှိ Jedaz စက်သုံးဆီဆိုင်တွင် စက်သုံးဆီများကို ပလတ်စတစ် ပီပါပုံးများအတွင်း ဖြည့်တင်းနေစဉ် ဧပြီ ၃ ရက် နံနက် ၁ နာရီ ဝန်းကျင်အချိန်၌ မီဇိုရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းကြောင်း ဒေသ အခြေစိုက် ဇိုးနက် လုံးလေ သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ စက်သုံးဆီများကို မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဝယ်ယူသူများက ဝန်ခံထားပြီး ဆီဆိုင်ဝန်ထမ်းများကလည်း ၎င်းတို့၏ အလုပ်ရှင်က ခိုင်းသဖြင့် ထုတ်ပေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဇိုးနက် လုံးလေ သတင်းစာတွင် ဖော်ပြသည်။

စက်သုံးဆီများနှင့်အတူ ဝယ်ယူသူ ဒေသခံ သုံးဦး၊ ဆီဆိုင်မှ ဝန်ထမ်း သုံးဦး အဖမ်းခံထားရပြီး ဝယ်ယူသူများမှာ ၎င်းတို့ ကိုယ်ပိုင်မဟုတ်ကြောင်းနှင့် ဆီဖိုးငွေကို ခိုင်းစေသူများက Gpay (အွန်လိုင်း ငွေချေစနစ်) နှင့် ပေးချေသွားမည်ဖြစ်ပြီး ဆီ တလီတာလျှင် မည်မျှဖြင့် ဝယ်ယူသည်ကိုပင် မသိရှိကြောင်း ဒေသခံ သတင်းစာက ဆိုသည်။ဆီထုတ်ပေးနေစဉ်အတွင်း ဆီဆိုင်ရှိ မီးများကို ပိတ်ထားသည့်အပြင် ဆီမီတာခွက်များကိုလည်း မမြင်စေရန် အဝတ်များဖြင့် ဖုံးအုပ်ထားကြောင်း သိရသည်။

“အဖမ်းခံရတာ ဟုတ်တယ် ။ အခုအချိန်က ကျပ်နေတဲ့ အချိန်လေ၊ အမိန့်တွေလည်း ထုတ်ထားတော့ ဆီတော့ မသယ်သေးဘူး။ တခြား စားသောက်ကုန်တွေ ပို့နေတယ်” ဟု မြန်မာပြည်ဘက်သို့ ဆီနှင့် ကုန်ပစ္စည်းများ ပို့ဆောင်နေသူ တဦးက မဇ္ဈိမကို ပြောသည်။

ယခုဖြစ်စဉ်တွင် နောက်ကွယ်မှ ငွေပေးခိုင်းစေသူနှင့် ဆီဆိုင်ပိုင်ရှင်များပါ ဖမ်းဆီး တရားစွဲဆိုခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဖြစ်ပွားနေသော အီရန်စစ်ပွဲကြောင့် ဒေသအတွင်း စက်သုံးဆီနှင့် အိမ်သုံးဂက်စ်များ မပြတ်လပ်စေရေးအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ စက်သုံးဆီများ တရားမဝင် တင်ပို့မှုကို မတ် ၂၀ ရက်မှစ၍ နှစ်လအကြာ ပိတ်ပင်တားမြစ်လိုက်ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ထားသည်။

စက်သုံးဆီဆိုင်များသည် အစိုးရ သတ်မှတ်ထားသော ဈေးနှုန်းထက် ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခြင်း မပြုရန်၊ ဓာတ်ဆီ ၅၀၀ လီတာနှင့် ဒီဇယ် ၁,၀၀၀ လီတာထက်ပို၍ ရောင်းချခြင်း မပြုရန်နှင့် ယင်းပမာဏထက် ပိုမိုဝယ်ယူလိုသူများသည် သက်ဆိုင်ရာ ဌာနမှ တရားဝင် သိုလှောင်ခွင့် လိုင်စင်ရှိရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

ထိုညွှန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ၂၀၂၃ ခုနှစ်၊ Bharatiya Nyaya Sanhita (အိန္ဒိယ တရားစီရင်ရေး ဥပဒေ) ပုဒ်မ ၂၂၃ အရ ထောင်ဒဏ် ခြောက်လမှ တနှစ်အထိ၊ ငွေဒဏ် ရူပီး ၂၅,၀၀၀ မှ ၅၀,၀၀၀ အထိနှင့် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း သိရသည်။

“အစိုးရက တားမြစ်ထားတော့ အသွားအလာ နည်းသွားတယ်၊ ဟိုဘက်မှာက ဆီရှားလာတော့ ဈေးပိုရတာပေါ့ အဲဒါကြောင့် တချို့ကလည်း ဖမ်းခံရနိုင်တယ်လို့ သိပေမယ့် အမြတ်လိုချင်တော့ လုပ်ကြတာ” ဟု ဆီကုန်သည်က ဆိုသည်။

လုံးလေမြို့ Mizo Fed ဆီဆိုင်မှလည်း မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဓာတ်ဆီနှင့် ဒီဇယ် ၂,၀၀၀ လီတာကို ကားများဖြင့် သယ်ဆောင်စဉ် မတ် ၂၈ ရက် နံနက် နှစ်နာရီ အချိန်တွင် ပိုင်ရှင်ဖြစ်သော အမျိုးသား တဦးနှင့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

အဆိုပါ ဖမ်းဆီးရမိသည့် စက်သုံးဆီများကို လေလံတင်၍ ပြန်လည် ရောင်းချခဲ့ရာ ဒေသတွင်း ကုမ္ပဏီ တခုမှ လေလံအောင်၍ ဝယ်ယူသွားကြောင်း သိရှိရသည်။

အိန္ဒိယဘက်မှ စက်သုံးဆီများ ဝင်ရောက်မှု မရှိသလောက် နည်းပါးလာသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စက်သုံးဆီ ရှားပါးမှု ဖြစ်ပေါ်နေပြီး ဈေးနှုန်း မြင့်တက်နေကြောင်း ကုန်သည် အသိုင်းအဝိုင်းထံက သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...