နိုင်ငံခြားဖြစ် အရက်၊ ဘီယာများကို AA က သင်္ကြန်ကာလအတွင်း တင်သွင်းရောင်းချခွင့်ပြု

နိုင်ငံခြားဖြစ် အရက်၊ ဘီယာများကို AA က သင်္ကြန်ကာလအတွင်း တင်သွင်းရောင်းချခွင့်ပြု

ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း တင်သွင်းရောင်းချခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါအရက်နှင့် ဘီယာများတင်သွင်းခွင့်ကို ဧပြီလ ၂ ရက်မှ ၁ဝ ရက်အထိသတ်မှတ်ထားပြီး ရောင်းချခွင့်ကို ဧပြီ ၁ ရက်မှ မေလ ၃၀ ရက်နေ့အထိ ယာယီခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း AA က ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်မထုတ်ပြန်မီ ခွင့်ပြုချက်မရှိဘဲ တင်သွင်းထားသည့် ပြည်ပထုတ် အရက်နှင့်ဘီယာများကို ယခုထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် ခုနစ်ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဌာနတွင် အခွန်ပေးဆောင်ပြီးမှသာ ရောင်းချခွင့်ရရှိမည်ဖြစ်သည်။

ရခိုင်လွတ်မြောက်နယ်မြေတစ်ခုတွင်နေထိုင်သည့် ကိုကျော်ဟိန်းစိုးက သင်္ကြန်လအတွင်း ယခုထုတ်ပြန်ချက်ကိုသိရသည့်အတွက် ဝမ်းသာမိသည်ဟု နိရဉ္စရာကို ပြောသည်။

"နိုင်ငံခြားအရက်သောက်ရရင်တော့ ကောင်းတာပေါ့။ ခုချိန်မှာ တောအရက်သောက်ရလို့ အသေ‌စော‌တော့မယ်။ မျက်နှာကလည်း ကောက်ညှင်းကြော်လိုဖြစ်နေပြီ။ နိုင်ငံခြားအရက်သောက်ရတာတော့ ပိုကြိုက်တယ်။ ပိတ်ထားတာနဲ့ယှဉ်ရင် ခွင့်ပြုလိုက်တာ ပိုကောင်းတယ်" ဟု ပြောသည်။

သတ်မှတ်ကာလကုန်ပြီးနောက် နိုင်ငံခြားဖြစ်အရက်များကို ဆက်လက်တင်သွင်းခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဆက်လက်လုပ်‌ဆောင်နိုင်ရန် သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးဌာနမှတဆင့် အရက်ထိန်းချုပ်ရေးဘုတ်အဖွဲ့(Alcohol Control Board - ACB)သို့ လျှောက်ထားနိုင်ပြီး လိုင်စင် (သို့မဟုတ်) ခွင့်ပြုမိန့်ရပြီးမှ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ပြီး နာမည်ပျက်စာရင်း(Black-List)တွင် ထည့်သွင်းခံရမည်ဖြစ်ပြီး နောက်တွင် လိုင်စင်လျှောက်ထားခွင့်ကိုလည်း ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ယခုခွင့်ပြုလိုက်သည့်အရက်၊ ဘီယာများတွင် အကြမ်းဖက်မြန်မာစစ်တပ်ထုတ် အရက်နှင့် ဘီယာများ ပါဝင်မှုမရှိဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ရခိုင်ဒေသအတွင်း တရားမဝင် ပြည်မနှင့် ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဝိုင်စသည့် ယစ်မျိုးကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုံးဝပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

ယင်းသို့ပိတ်ပင်ပြီးနောက် ရခိုင်ဒေသထွက် တောအရက်(ဆန်အရက်)ကိုသာ ထုတ်လုပ်ရောင်းချသောက်သုံးခွင့်ပေးထားသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...