စစ်တွေတွင် နှစ်ဖက်လက်နက်ကြီး တိုက်ပွဲ အရှိန်မြင့်လာ

စစ်တွေတွင် နှစ်ဖက်လက်နက်ကြီး တိုက်ပွဲ အရှိန်မြင့်လာ
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ၍ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိ တိုက်ပွဲအရှိန်မြှင့်တက်လာနေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တွေတိုက်ပွဲမှာ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး များဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ဒရုန်းများကို အဓိက အသုံးပြုနေသည်။

နှစ်ဖက်ပစ်ခတ်မှုများမှာ နေ့စဉ်ရှိနေပြီး မတ်လ ၂၉ ရက်က စစ်ကောင်စီ ဒရုန်းတစ်စင်းကို အာရက္ခတပ်တော်က ပစ်ချနိုင်ခဲ့သည်ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တွေမှာတော့ နှစ်ဖက်ပစ်တာတွေက ရပ်သွားတယ်လို့ မရှိသလောက် ဖြစ်လာတယ်။ ပြီးတော့ စစ်ကောင်စီဘက်ကလည်း နေ့တိုင်း လက်နက်ကြီးရော၊ လေကြောင်းရော ဒရုန်းတွေနဲ့ပါ အမြဲ တိုက်ခိုက်မှုတွေရှိတယ်။ ပစ်တာကတော့ အပြန်အလှန်ပေါ့။ မနေ့ကလည်း စစ်တပ်ဘက်က ဒရုန်းနဲ့ လာပစ်လို့ တပ်တော်ဘက်က ဒရုန်းတစ်စီး ပစ်ချလိုက်နိုင်တယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက ပုဏ္ဏားကျွန်း၊ ရသေ့တောင်စသည့် စစ်တွေမြို့နယ်အစပ် နေရာများကို လေကြောင်းတိုက်ခိုက်မှုများလည်း တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

မတ်လ ၂၇ ရက်၊ ၂၈ ရက်နေ့တွင် ရသေ့တောင်၊ မိုးစဲကျွန်း၊ ပုဏ္ဏားကျွန်း - စစ်တွေအစပ် ဝါဘိုအပါအဝင် ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

စစ်တွေမြို့အနီးတိုက်ပွဲကြောင့် စစ်ကောင်စီက မြို့တွင်း လုံခြုံရေးကိုတိုးမြှင့်ထားပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် လက်နက်ကြီးသံများကြား ရုန်းကန်လှုပ်ရှားနေကြရသည်ဟု ပြောကြသည်။

“လက်နက်ကြီးတွေပစ် အသံတွေ အကျယ်ကြီး ကြားနေရလည်း စားဖို့ သောက်ဖို့လို‌တော့ ဒီတိုင်း ပုံမှန်လို သွားလာလုပ်ကိုင်နေကြရတာပါပဲ“ ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ဒေသခံအများအပြားရှိနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့ထားမှုကြောင့် အခြေခံလက်လုပ်လက်စားများမှာ အခက်အခဲများစွာရှိနေကြသည်။

လက်ရှိ စစ်တွေမြို့၌ ပုံမှန်သွားလာလှုပ်ရှား နေထိုင်နေကြသည့် အနေအထားဟု ဆိုနိုင်သော်လည်း မြေပြင်တိုက်ပွဲပြင်းထန်လာပါက ဒေသခံများ၏ လုံခြုံရေးမှာ စိုးရိမ်စရာကောင်းနေသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...