တပ်ကပုဂ္ဂိုလ်တွေကြီးစိုးတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်သွားမယ်

တပ်ကပုဂ္ဂိုလ်တွေကြီးစိုးတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်သွားမယ်

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

မတ် ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်တပ်က တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး တပ်ချုပ်ရာထူးကနေ စွန့်ခွာတော့မယ် အရိပ်အယောင်သမ်းနေတဲ့ စစ်ခေါင်းဆောင်က သမ္မတလုပ်ဖို့ လက်တစ်ကမ်းအလိုမှာ အခုလို ပြောဆိုခဲ့တာပါ။

၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီဆွေးနွေးမှုတွေကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် အရင်အစိုးရလက်ထက် ငြိမ်းချမ်းရေးညီလာခံကနေ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်တွေကိုလည်း ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲစည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာလို့ ဆက်ပြောပါတယ်။

နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ပြည်သူတစ်ဦးက လက်ရှိ လွှတ်တော်အမတ်တွေဟာ ဖွဲ့စည်းပုံအတိုင်း သွားရမှာဖြစ်လို့ တိုင်းရင်းသားအရေးကို ရှေးရှုတဲ့ ပုဒ်မတွေ ပြင်ဆင်မပေးနိုင်ဘူးဆိုရင် ပိုဆိုးသွားနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလွှတ်တော်အမတ်တွေ ဘာပဲလုပ်လုပ် ဘယ်လိုပဲလုပ်လုပ် ဒီဖွဲ့စည်းပုံအတိုင်းပဲသွားမယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့၊ သူက စိတ်ပြောင်းမယ်ဆိုရင် တိုင်းရင်းသားအားလုံး ဘာလိုချင်လဲ သူတို့ သိတယ်လေ။ ဖက်ဒရယ်လိုချင်လား ဘာညာ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် ကျန်တဲ့ NUG တို့ ဘာတို့ကျတော့ နည်းနည်း ကသိကအောက်ဖြစ်သွားမှာပေါ့။ တိုင်းရင်းသားအရေးကို ရှေးရှုပြီး လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဒါက လက်ခံနိုင်စရာ နည်းနည်း ရှိတယ်။ တကယ်လို့ တိုင်းရင်းသားအရေးမှာ ဘာတစ်ခုမှ လုပ်မပေးနိုင်ဘူးဆိုရင်တော့ ဒါက ပိုဆိုးသွားနိုင်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်တပ်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ဦးဆောင်ပြီး အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သဘောတူညီချက်တွေ ရရှိထားကြတာပါ။

အဲဒီထဲမှာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကနေ တိုက်ရိုက်ရွေးချယ်ခန့်အပ်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်ဆိုတဲ့အချက်ကိုသာ စစ်ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေဘက်က အတည်ပြုထားကြတာပါ။

စစ်ကောင်စီလက်ထက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းကော်မတီ NSPNC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ၂၀၂၂ ခုနှစ် ဧပြီလဆန်းမှာ တွေ့ဆုံပြီး ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီပုဒ်မဟာ သမ္မတက တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေထဲက သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူကို ရွေးချယ်ပြီး တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကို ပေးပို့ကာ အဲဒီကနေ သဘောတူညီချက် ရယူပြီး ဝန်ကြီးချုပ်အဖြစ် သမ္မတက ခန့်အပ်ပေးရမှာပါ။

ဒီလိုမျိုး ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ သဘောတူညီချက်ဟာ နောင်တစ်ချိန်မှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတကနေ ရွေးချယ်ခန့်အပ်ပေးတာမျိုး မဟုတ်တော့ဘဲ သက်ဆိုင်ရာ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကပဲ တိုက်ရိုက်ရွေးချယ်ခန့်အပ်ဖို့ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးက ဒုတပ်ချုပ် ပြောဆိုမှုအရ စစ်တပ်နဲ့ပဲ နိုင်ငံကို ဆက်ထိန်းသွားမယ့် သဘောဖြစ်လို့ ပြည်သူတွေ လိုလားချက်နဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအပြောင်းအလဲ မဖြစ်လာနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တပ်မတော်နေ့ အခမ်းအနားတုန်းက ဗိုလ်ချုပ်စိုးဝင်းပြောတဲ့အတိုင်းဆိုရင် မဖြစ်လာနိုင်ဘူးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံပြောင်းလဲဖို့ဟာ မဖြစ်လာနိုင်ဘူး။ သူပြောတဲ့ သဘောက ပိုဆိုးသွားနိုင်တဲ့ သဘောဖြစ်နေတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ မြင်တာပေါ့။ တကယ်လို့ ပြင်ဖြစ်ရင်လည်း ပိုပြီး ကောင်းလာမှာပေါ့။ တကယ်လို့ ဒီအတိုင်း သူတို့ စစ်တပ်နဲ့ပဲ (နိုင်ငံတော်ကို) ထိန်းပြီးတော့ သမ္မတလုပ်မယ်ဆိုတာ ကြည့်ရင် (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပြောင်းလဲဖို့က အလားလာ မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

တပ်မတော်နေ့အလွန်မှာ တပ်ပိုင်း ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူဦးဆောင်တာဖြစ်စေ စစ်တပ်အနေနဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကာ အစိုးရရဲ့ မူဝါဒနဲ့အညီ ဆက်လုပ်သွားမယ်လို့ ဒုတပ်ချုပ်က ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌအများစုနဲ့ ကော်မတီဥက္ကဋ္ဌတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီကသာ ကြီးစိုးနေတာပါ။

ဒါ့အပြင် ရွေးကောက်ခံစရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း တပ်အငြိမ်းစားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ပြည်ထောင်စုလွှတ်တော်ကနေ ပြင်ဆင်ဖို့ သဘောတူညီထားတဲ့ ၄၃ ချက်ထဲမှာ ပုဒ်မ ၂၆၁ ကလွဲရင် အခြားဘယ်ပုဒ်မတွေ ပါဝင်လဲဆိုတာ စစ်ကော်မရှင်ဘက်က ဒီကနေ့အထိ ထုတ်ပြောထားတာ မရှိသေးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို တင်သွင်းရမှာဖြစ်ပြီး အဲဒီကနေ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် အဲဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမှာပါ။

ဒါ့အပြင် ပုဒ်မ ၄၃၆ (က) အရ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပလို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် မဲနဲ့သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အဲဒီ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေကလွဲရင် တခြားပြဋ္ဌာန်းချက်တွေကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပုဒ်မ ၄၃၆ (ခ) မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-MOI

Most read this week

ဓာတ်ပုံ-CJ
March 28, 2026
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့်...
March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...
ဓာတ်ပုံ-MOI
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက်...
ဓာတ်ပုံ-USDP
March 25, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စစ်တပ်ကျောထောက်နောက်ခံ...