ဂျာဘောက်ရာ — ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသဘက်တွင် မြေရှားသတ္တုတူးဖော်ရန် KIO က ပြင်ဆင်နေပြီး လက်ရှိတွင် ကျေးရွာများအတွင်း စမ်းသပ်တူးဖော်မှုများ လုပ်ဆောင်လာနေတဲ့အတွက် ဒေသခံတချို့ ကန့်ကွက်နေကြပါတယ်။
လက်ရှိ မန့်ဝိန်းကြီးဒေသအတွင်း မြေရှားသတ္တု စမ်းသပ်တူးဖော်မှုများ လုပ်လာတာ ၂ လခန့်ရှိနေပြီဖြစ်ပြီး စီမံကိန်းစတင်ချိန်ကတည်းက ဒေသခံအားလုံးနှင့် ဆွေးနွေးညှိနှိုင်းမှုများ မရှိခဲ့ကြောင်း ဒေသခံများက ဆိုပါတယ်။
“ကျနော်တို့ရွာမှာ စမ်းသပ်တူးဖော်နေဆဲဖြစ်တယ်။ ဒေသခံတွေကို သေချာမညှိနှိုင်း မဆွေးနွေးဘဲ ရွာထဲက တာဝန်ခံကော်မတီလောက်နဲ့ပဲ ဆွေးနွေးပြီး ရွာနားမှာ နေရာချ လိုက်စမ်းသပ်တူးဖော်နေတာ ဖြစ်တယ်။ သူတို့က စမ်းသပ်တူးဖော်ပြီးရင် ပြန်သွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်ခေါက် စမ်းသပ်တူးပြီးသွားပြီ။ အခုလည်း မကျေနပ်သေးလို့ ရွာနဲ့နီးနီးကပ်ကပ် နေရာတွေမှာ ထပ်ပြီး စမ်းသပ်တူးဖော်နေတာ ဖြစ်တယ်”လို့ မန့်ဝိန်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဒိန်ဆင်းပါ တိုက်နယ်နှင့် အောက်ဘက်ပိုင်းရှိ မဒန်ယန်၊ ကိုင်းထိပ်၊ မန့်ဝိန်းကြီးဒေသတစ်လျှောက် တောင်ကြေတွေမှာ မြေရှားသတ္တုတူးဖော်ရန် KIO ရဲ့ခွင့်ပြုချက်ဖြင့် စမ်းသပ်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
မန့်ဝိန်းကြီးတစ်ဝိုက် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လခန့်မှစတင်ကာ လက်ရှိအချိန်အထိ စမ်းသပ်တူးဖော်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ကျေးရွာတချို့ ကန့်ကွက်သံများ ရှိနေသော်လည်း လျစ်လျူရှုခံထားရတဲ့ အနေအထားဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက မန့်ဝိန်းကြီးတစ်ဝိုက်ရှိ ကျေးရွာများသို့ “ကျေးရွာအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုရန်” လို့ ဆိုကာ လမ်းပြုပြင်ရေးအဖွဲ့၊ ကျောက်ထုတ်လုပ်ရေးအဖွဲ့ အမည်ဖြင့် တစ်ရွာလျှင် တရုတ်ယွမ် ၅ သောင်းစီ လှူဒါန်းခဲ့ကြောင်း ဒေသခံများက ဆိုပါတယ်။
အဆိုပါငွေများကို ရပ်ရွာတာဝန်ရှိသူများက လက်ခံထားပြီး ကျေးရွာအတွင်း လိုအပ်တဲ့နေရာများတွင် အသုံးပြုပြီးနောက် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ထိုငွေပေးခဲ့တဲ့အဖွဲ့ဟာ မြေရှားသတ္တုတူးဖော်ရေးနှင့် သက်ဆိုင်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ကျေးရွာအတွင်း မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးနှင့် မြေရှားသတ္တုလုပ်ငန်းများ ဖော်ဆောင်မှုပေါ်ကန့်ကွက်နိုင်ရန် အင်အားမရှိတော့တဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း သိရပါတယ်။
“ကျနော်တို့ရွာက ရေမသန့်ဘူး။ ရေသေချာမရဘူး။ မြေဆီလွှာလည်း သိပ်မကောင်းတဲ့ရွာ ဖြစ်တယ်။ စိုက်ပျိုးစားသောက်ဖို့တောင် ခက်ခဲတယ်။ ရွာခံတွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းက လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေပဲ ဖြစ်တယ်။ အခု မြေရှားသတ္တုတူးဖော်လာမယ်ဆိုတော့ ရှေ့အနာဂတ်အတွက် တော်တော်စိုးရိမ်ရတယ်”ဟု မန့်ဝိန်းကြီးဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
မန့်ဝိန်းကြီးအနီးတစ်ဝိုက်ရှိ ကျေးလက်တောရွာများထဲတွင် တချို့ရွာတွေဟာ ဒီနှစ်အစောပိုင်း နေရပ်ပြန်လာနေထိုင်ကြတာ ဖြစ်နေသလို ကျေးရွာနယ်နိမိတ်များလည်း သေးငယ်တာကြောင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ဝင်ရောက်လာမယ့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေကြောင်း သူက ဆက်ပြောပါတယ်။
“ကျနော်တို့ရွာက သေးသေးလေး။ ဘေးပတ်ပတ်လည်မှာလည်း တခြားရွာတွေ အများကြီးရှိတယ်။ ဒီရွာတွေက နယ်နိမိတ်ချင်း ဆက်စပ်နေကြတာ။ ဒါကြောင့် ကျနော်တို့ရွာမှာ မလုပ်ရင်တောင် ဟိုဘက်ရွာတွေမှာ လုပ်လာရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ကျနော်တို့ရွာမှာ မတူးရင်တောင် အနီးနားရွာတွေမှာ တူးလာရင် ကျနော်တို့ရွာမှာ လုပ်သလိုပဲ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်”လို့ ဆိုပါတယ်။
လက်ရှိ အဆိုပါဒေသတစ်ကြော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ဝင်ရောက်လာမှုအပေါ် ကန့်ကွက်နေသူများရှိသလို တစ်ဖက်မှာလည်း ငွေရရှိမည်ဆိုပါက သဘောတူသူများ ရှိနေသဖြင့် ကျေးရွာအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
မြေရှားသတ္တုတူးဖော်မှုများကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍတွေမှာလည်း ရေရှည်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြနေကြပါတယ်။
အထူးသဖြင့် တောတောင်ပျက်စီးမှု၊ မြေဆီလွှာပျက်စီးမှု၊ ရေညစ်ညမ်းမှုနှင့် အဆိပ်သင့်မှုများ၊ တိရစ္ဆာန်များအပေါ် ထိခိုက်မှုများအပြင် ဒေသခံများ နေရာပြောင်းရွှေ့ရခြင်း၊ လုံခြုံရေးနှင့် လူမှုရေးပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတို့က ဆိုပါတယ်။
သတ္တုတူးဖော်ပြီးနောက်မှာလည်း ပျက်စီးနေတဲ့မြေနှင့် ညစ်ညမ်းနေတဲ့ရေများသာ ကျန်ရစ်ခဲ့မှာကို မြေရှားသတ္တုတူးဖော်နေတဲ့ ဒေသများတွင် တွေ့မြင်နိုင်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် အင်ဘာပါနှင့် ဒိန်းဆင်ပါဒေသများအတွင်း KIO ရဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံများက စုပေါင်းကန့်ကွက်ဆန္ဒပြခဲ့ကြသဖြင့် ဒိန်ဆင်းပါဒေသရှိ မြေရှားတူးဖော်ရေးစီမံကိန်းကို KIO က ရုတ်သိမ်းခဲ့ပါတယ်။







