ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်လာနေ

ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်လာနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ဘုရားသုံးဆူမြို့အနီး ကြိမ်ချောင်းကျေးရွာဝန်းကျင်၊ ချောင်းဆုံသဘာဝအပန်းဖြေရေတံခွန်အနီးတဝိုက်နှင့် ဘုရားသုံးဆူမြို့ပေါ်တို့တွင် စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် ဟိုတယ် အမည်ခံပြီး ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေကြောင်း သိရသည်။

“တရုတ်တွေက ကျားဖြန့်လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင်မဟုတ်ပဲ အရှိန်မြှင့်လုပ်နေတာတွေရှိတယ်။ သူတို့က ဒီက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပေါင်းပြီး မြေတွေဝယ်တယ်။ အဆောက်အအုံအသစ်တွေ ဆောက်လုပ်တယ်။ စားသောက်ဆိုင် ဆောက်နေတာရှိတယ်။ တည်းခိုခန်းတွေလို လုပ်နေတာရှိတယ်။ ဘုရင့်နောင်လမ်းက ဆောက်ခဲ့တဲ့ AAA ဟိုတယ်လိုပေါ့နော်။ အဲဒီလို ဟိုတယ်တွေ ထပ်ဆောက်ထားတယ်။ အဲဒီနောက်ကွယ်တွေမှာ ကျားဖြန့်လုပ်ငန်းတွေ ချဲ့နေတယ်” ဟု ဒေသခံအရင်းအမြစ်တစ်ဦးက ဆိုသည်။

အဆိုပါလုပ်ငန်းများကို ဒေသတွင်း လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က လုံခြုံရေးယူထားပြီး တရုတ်နိုင်ငံသားများက ဦးဆောင်လုပ်ကိုင်နေသည်ဟုလည်း သတင်းအရင်းအမြစ်က ဆိုသည်။

ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦများ ဆောက်လုပ်ရာတွင် အဆောက်အဦတစ်လုံးလျှင် ထိုင်းဘတ် တစ်သိန်းခန့်ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သို့ ပေးသွင်းနေရကြောင်းလည်း ဆိုသည်။

ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းများ တိုးချဲ့လာနေသည်နှင့်အမျှ ထိုင်းနိုင်ငံဘက်မှ တရုတ်နိုင်ငံသားများ ဝင်ရောက်လာနေသည်ဟု ဘုရားသုံးဆူမြို့ခံတို့က ပြောသည်။

“ခုချိန်မှာ ဘုရားသုံးဆူမြို့မှာ တရုတ်တွေ ပိုဝင်လာတယ်။ မြန်မာဘက်ကနေ ဝင်လာတာတွေရှိမယ်။ ပြီးရင် ထိုင်းဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတော့ နယ်စပ်ဘုရားသုံးဆူဘက်ကို ဝင်လာကြတယ်။ တချို့က အဖမ်းခံရတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဘုရားသုံးဆူမြို့ပေါ်မှာ တရုတ်တွေ ၂၀၀၀ ကျော် ဝင်ရောက်နေတယ်လို့ ပြောကြတယ်။ ပြီးရင် မြို့အနီးအနားတဝိုက်မှာလည်း အများကြီး ရောက်နေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ဘုရားသုံးဆူနယ်စပ်အနီး Ban Phra Chedi Sam Ong ဒေသတွင် တရုတ်ယွမ်ငွေစက္ကူအတု ၂၀၀၀ ရွက်၊ အင်တာနက်ကိရိယာတစ်ခုနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းဘက်က ဖမ်းဆီးရမိခဲ့သည်။

ထိုအမျိုးသားသည် တရုတ်ယွမ်ငွေစက္ကူအတုများကို မြန်မာနိုင်ငံဘက်သို့ တရားမဝင် သယ်ယူပို့ဆောင်ရန် ငှားရမ်းခံခဲ့ရကြောင်း ဝန်ခံထားသည်။

၎င်းပြင် မတ်လ ၁၈ ရက်နေ့တွင်လည်း ကန်ချနဘူရီမြို့အတွင်း အငှားအိမ်တစ်ခုတွင် ပုန်းအောင်းနေသော တရုတ် ၇ ဦးနှင့် မြန်မာ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများသည် ယခင်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့ရှိ ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူများဖြစ်ပြီး မြန်မာနိုင်ငံ ဘုရားသုံးဆူနယ်မြေဘက်ရှိ ကျားဖြန့်စခန်းများသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ရည်ရွယ်ထားကြောင်း ထိုင်းဒေသခံမီဒီယာများက ဖော်ပြထားသည်။

March 26, 2026
“ကျနော်ကလေး မွန်စကားမတတ်မှာစိုးလို့ သင်ပေးတာကနေ စာသင်ခန်းတစ်ခု ဖြစ်လာတာ” ဒါကတော့...
March 25, 2026
စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့် စျေးကြီးပေးဝယ်နေရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်နှင့်...
March 24, 2026
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မတ်လ ၂၃ ရက်နေ့တွင် ၁၆...
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
March 23, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍...