စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ် ဝယ်ယူမှု JFM ဖော်ထုတ်

စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ် ဝယ်ယူမှု JFM ဖော်ထုတ်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန်ဘကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်တလုံး ဝယ်ယူခဲ့မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice for Myanmar (JFM)က မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ သားနှင့်ချွေးမဖြစ်သူတို့သည် Issara Residence, Rama 9 တွင် ရှိသော မြေဧရိယာ ၄၅၁ စတုရန်း မီတာရှိ 7C အကွက်ပေါ်တွင် တည်ရှိသည့် အဆင့်မြင့်အိမ်တစ်လုံးကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ထိုအိမ်ကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Company Limited ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ Emerald Princess ကုမ္ပဏီသည် ဝယ်ယူသူ၏ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားနိုင်ရန်တို့အတွက် Charn Issara ၏ ပံ့ပိုးကူညီမှုဖြင့် အိမ်ရာပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တပတ်အလိုတွင်မှ တည်ထောင်ခဲ့သော မင်းအောင်လှိုင်မိသားစု၏ ကြားခံရုပ်ပြကုမ္ပဏီတခုဖြစ်ကြောင်း Justice For Myanmar က ကောက်ချက်ချနိုင်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

Charn Issara အိမ်ရာရောင်းချမှုကို စစ်ခေါင်းဆောင်မိသားစုကိုယ်စား ခရိုနီ ထွန်းမင်းလတ်က ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၎င်းအား မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် ရာဇဝတ်စီးပွားလုပ်ငန်းများ စုဖွဲ့လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးမခံရမီ အချိန်တိုလေးအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုအိမ်ဝယ်ယူရာတွင် အသုံးပြုခဲ့သော ငွေများသည် အကျင့်ပျက်ခြစားမှုများမှ ရရှိလာသည်ဟု ယူဆရန် အကြောင်းပြချက်များရှိကြောင်း၊ အဂတိလိုက်စားမှုလုပ်ရပ်များသည် ပြည်ပတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်စေကာမူ ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ အရ မူလပြစ်မှုအဖြစ် သက်ရောက်မှုရှိကြောင်း၊ ကြားခံရုပ်ပြကုမ္ပဏီဖြစ်သည့် Emerald Princess ကိုအသုံးပြုခြင်းသည်လည်း ထိုင်းနိုင်ငံ၏ မြေယာပိုင်ဆိုင်မှုဥပဒေ (Land Code Act) ပုဒ်မ ၁၁၃ နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ (Foreign Business Act) ပုဒ်မ ၃၆ တို့အရ ရာဇဝတ်ပြစ်မှုများမြောက်နိုင်ကြောင်း JFM က ဖော်ပြသည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေများအရ လုပ်ပိုင်ခွင့်အာဏာအားလုံးကို အပြည့်အဝအသုံးပြု၍ ဒဏ်ငွေချမှတ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းအပါအဝင် စစ်ခေါင်းဆောင်နှင့် သူ၏ မိသားစုဝင်များ၊ စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်၊ Emerald Princess ကုမ္ပဏီ၊ Charn Issara ကုမ္ပဏီနှင့် ၎င်းတို့၏ စီမံခန့်ခွဲမှုများကို ချက်ချင်း စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုထားသည်။

“ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေချိန်မှာ သူ့မိသားစုက သူတို့မတရားရရှိထားတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာကတော့ အလွန် ရွံရှာ စက်ဆုပ်ဖွယ်ကောင်းပါတယ်” JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောသည်။

“ဒီလိုဖြစ်ခဲ့တာဟာ စစ်အုပ်စု၊ သူတို့ရဲ့မိသားစု‌တွေ၊ ခရိုနီတွေဆီက‌နေ တရားမဝင်ငွေကြေးတွေ ထိုင်းနိုင်ငံတွင်းစီးဝင်လာမှုကို တားဆီးဖို့နဲ့ တရားမဝင် အိမ်ခြံမြေဝယ်ယူမှုတွေကို ပိတ်ပင်ဖို့ ထိုင်းအစိုးရက ပျက်ကွက်ခဲ့လို့ပဲ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

ခရိုနီထွန်းမင်းလတ်သည် ၂၀၁၇ ခုနှစ်တွင် စစ်ခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံကိုလည်း Belle Grand Rama 9 တွင် တိုက်ခန်းတခန်းဝယ်ယူနိုင်ရန် ကူညီပေးခဲ့ပြီး ထိုတိုက်ခန်းသည် လက်ရှိတွင် အခွန်မပေးဆောင်ခြင်းကြောင့် ထိန်းချုပ်ပိတ်ပင်ခံထားရကြောင်း သိရသည်။

အဆိုပါ Belle အိမ်ရာဝယ်ယူမှုများကိုလည်း ထိုင်းအာဏာပိုင်များအနေဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအောက်တွင် စုံစမ်းစစ်ဆေးပြီး၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် လိုအပ်ကြောင်း JFM က တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်မခံရသေးသော မျိုးရတနာထိုက်နှင့် စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ကြူကြူလှတို့အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ချို့ယွင်းချက်ကယ်ပေါက်များအား ပိတ်ဆို့သင့်ကြောင်းလည်း ထည့်သွင်းတောင်းဆိုထားသည်။

August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...