ဗန်းမောက်မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့်ပြု

ဗန်းမောက်မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက် နေအိမ်တွေကို ဝင်ရောက်ရှင်းလင်းနေထိုင်ခွင့်ပြုထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဗန်းမောက်မြို့ဟာ မြို့သိမ်းတိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု ၈၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လွှစင်ကုန်း ၊ မြို့မ ၊ မြနန္ဒာရပ်ကွက်တွေဟာ ထိခိုက်ပျက်စီးမှုအများဆုံးလည်းဖြစ်ပါတယ်။

“ အခုက ဗန်းမောက်မြို့ မီးလောင်သွားတဲ့ဟာ ၊တိုက်ပွဲဖြစ်သွားတဲ့ဟာတွေကို ဘတ်ဟိုးတွေ ၊ မြေလှန်တဲ့ဟာတွေနဲ့ လုပ်နေကြပြီ။ရှင်းလင်းရေးတွေလုပ်နေတာ ၊ တချို့လည်းပြန်ဝင်ကြည့်ချင်နေကြပြီလေ။ သူတို့ရဲ့အိမ်တွေ ၊ ဘယ်လိုဖြစ်သွားသလဲဆိုတာကို” လို့ SNA နဲ့ နီးစပ်တဲ့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

SNA က မြို့အတွင်းနေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ မီးလောင်ပျက်စီးသွားတဲ့နေအိမ်၊ လက်နက်ကြီးထိမှန်တဲ့ နေအိမ်ဝန်းတွေကို ရှင်းလင်းတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့မှာလည်း မြို့အတွင်းဝင်ရောက်ကာ နေအိမ်ဝင်းကို ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဒေသခံ တစ်ဦးကို မိုင်းထိမှန်မှုလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဗန်းမောက်မြို့ကို SNA က ပြန်လည်သိမ်းပိုက်ထားတာ တစ်လကျော်ကြာမြင့်နေတာဖြစ်ပြီး မြို့ရဲ့လုပ်ငန်းစဉ်တွေကိုလည်ပတ်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေ လာရောက်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

“ မြို့က ပြန်ထိန်းချုပ်ထားပြီ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ အုပ်ချုပ်ရေး၊ တခြားဘာမှရောက်မလာသေးဘူး”လို့ သူက ဆက်ပြောပါတယ်။

ဗန်းမောက်မြို့ပေါ်ရပ်ကွက် (၄) ခုမှာ နေအိမ် နှစ်ထောင်နီးပါးရှိနေပြီး ဒီထဲမှာ အိမ်ခြေတစ်ထောင်ကျော်ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေအုပ် ၊ မြေတိုင်း ၊ ရဲစခန်း ၊ စီးပွားရေးဘဏ်၊ လယ်ဆည် ၊ မီးသတ်စတဲ့ ရုံးတွေအပြင် မြို့ပေါ်ရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်း ၊ အခြေခံပညာ စာသင်ကျောင်းတွေလည်း ပျက်ဆီးခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီဟာ ဗန်းမောက်မြို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအသီးသီးဆီကို တိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မြို့အတွင်းပြန်လည်ဝင်ရောက်ဖို့နဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ရှမ်းနီ၊ ကတူး အရပ်ဘက်အဖွဲ့အစည်းတွေကို ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ထောက်ပံ့ကူညီမယ့်သူတွေ နည်းပါးတာကြောင့် တိမ်းရှောင်ရာအရပ်ဒေသမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေကြရတာလို့ ပြောဆိုကြပါတယ်။

မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...
April 4, 2026
မကွေးတိုင်းဒေသကြီး မြိုင် နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွေဆီကို မတ်လ ၃၀ ရက်နေ့မှာ NUG...
April 3, 2026
တိုက်ပွဲတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ အာရှလမ်းမကို...