ရှမ်းမြောက် ပဋိပက္ခအတွင်း အရပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရ

ရှမ်းမြောက် ပဋိပက္ခအတွင်း အရပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရ
ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ
ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်း တပ် (TNLA) တို့အကြား စစ်ရေး ပဋိပက္ခများနှင့် တိုက်ခိုက်မှုများအတွင်း တအာင်းတိုင်းရင်းသားများနှင့် ဒေသခံ အရပ်သားများမှာ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ဒရုန်းဗုံးထိမှန် သေဆုံးခြင်းများကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။

မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း MNDAA ၏ ထိုးစစ်ဆင်မှုများအတွင်း မုံးကိုးမြို့နယ်၌ TNLA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တအာင်းတိုင်းရင်းသား ၉ ဦးထက်မနည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင်လည်း တအာင်းအမျိုးသားအချို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်ဦးမှာ အပြင်းအထန် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း မြေပြင်သတင်းများအရ သိရသည်။

ဒေသခံ အမျိုးသားတစ်ဦးက “အခုက လမ်းပေါ်သွားလာဖို့တောင် မရဲတော့ဘူး။ TNLA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းတာတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်။ ဖမ်းသွားတဲ့သူတွေထဲက တစ်ယောက်ဆိုရင် လူမဆန်အောင် အနှိပ်စက်ခံထားရတယ်လို့ ကြားရတယ်။ ဘယ်သူ့ကို အားကိုးရမှန်း မသိတဲ့ အခြေအနေပဲ” ဟု ပြောသည်။

စစ်ရေးအရှိန် မြင့်တက်လာမှုနှင့်အတူ MNDAA ၏ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ပရဟိတသမား မိုင်းထွန်းလှ အပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ရသည်။

လွယ်ဆိုင်ကျေးရွာအတွင်းသို့ ဒရုန်းဗုံး အလုံး ၁၀၀ ကျော် ကြဲချခဲ့သဖြင့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းများပါ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပရဟိတသမား မိုင်းထွန်းလှနှင့် နီးစပ်သူတစ်ဦးက “ထွန်းလှက စစ်ရှောင်တွေကို အကြိမ်ကြိမ်ကယ်ခဲ့တဲ့သူပါ။ သူ ဒရုန်းဗုံးထိတာ သိတယ်။ ဒဏ်ရာ ရထားပေမယ့် သူဘာမှမဖြစ်လောက်ဘူး ထင်ခဲ့တာ။ တကယ် စိတ်မကောင်း ဖြစ်ရတယ်။ အားလုံးကလည်း စစ်ရှောင်တွေကို ဦးစားပေးနေရတာ ဆိုတော့လေ။ သူ့ကိုတော့ ငါတို့က မကယ်လိုက်နိုင်ဘူး။ တာဝန်မကျေသလို ခံစားရတယ်” ဟု ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်၊ မူဆယ် ၁၀၅ မိုင်နှင့် နမ့်ဖတ်ကာ စသည့်နေရာများတွင် MNDAA ဘက်က အင်အား အလုံးအရင်းဖြင့် လှုပ်ရှားနေသဖြင့် တအာင်းဒေသခံ အများအပြားမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ နေရပ် စွန့်ခွာ ထွက်ပြေးနေကြရသည်။

မတ်လ ၁၅ ရက်ကတည်းက နမ့်ခမ်းမှ ကွတ်ခိုင်သို့ အဆင်းတွင် MNDAA ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် တအာင်းအမျိုးသား ၃ ဦးနှင့် ပတ်သက်၍ ယနေ့အထိ အဆက်အသွယ် လုံးဝမရရှိသေးသဖြင့် အသက်အန္တရာယ် အတွက် မိသားစုများက စိုးရိမ်နေကြသည်။

မဟာမိတ် အချင်းချင်းကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခများတွင် အပြစ်မဲ့အရပ်သားများ ပစ်မှတ်ထား ခံနေရသည့် အပေါ် တအာင်းလူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြပြီး၊ ဖမ်းဆီးထား သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒေသခံများ၏ လုံခြုံရေးကို အာမခံပေးရန် တောင်းဆိုနေကြသည်။

ညီနောင်မဟာမိတ် အချင်းချင်းကြား ဖြစ်ပွားနေသည့် ယခုစစ်ရေးတင်းမာမှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သာမက၊ တော်လှန်ရေး အင်အားစုများ အပေါ် ထားရှိသည့် လူထု၏ယုံကြည်မှုနှင့် ဒေသတွင်း လူမျိုးစုများအကြား ရေရှည်တည်ဆောက်ရမည့် စည်းလုံးညီညွတ်မှုကိုပါ အကြီးအကျယ် ရိုက်ခတ် နေသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စစ်ရေးနည်းလမ်းဖြင့် နယ်မြေစိုးမိုးရန် ကြိုးပမ်းခြင်းထက် အပြစ်မဲ့ အရပ်သားများအား ကာကွယ်ရန်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အဖွဲ့အစည်းကြား တွေ့ဆုံဆွေးနွေး ကာ အဖြေရှာညှိနှိုင်းကြရန် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားသည်။

ဓါတ်ပုံ - ဒရုန်းထိမှန်သေဆုံးသွားသည့် ပရဟိတသမား မိုင်းထွန်းလှပုံ

April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...
April 8, 2026
မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို...
April 7, 2026
ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီပြတ်လပ်မှုနှင့်...
March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...