ဘီးလင်းမြို့နယ်၊ ရွှေလုပ်ကွက်အနီး ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိ

ဘီးလင်းမြို့နယ်၊ ရွှေလုပ်ကွက်အနီး ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင် ဒေသခံအမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ် ရွှေလုပ်သား ၂ ဦး ချုံရှင်းလင်းစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာပြင်းထန်ရရှိခဲ့သဖြင့် သထုံဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

အဆိုပါ ဘီးလင်းရွှေလုပ်ကွက်သည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင်ရှိပြီး ယခင် ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ စစ်တပ်မှ လာရောက် စခန်းချထားသည့် တပ်စခန်းအဟောင်းမှ လက်ကျန်မြေမြှုပ်မိုင်း ဖြစ်နိုင်သည်ဟု ဘီးလင်းဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

“၂ ယောက်ဒဏ်ရာပြင်းထန်တယ်။ သထုံဆေးရုံပို့ထားတယ်။ အဲ့နေရာက ရွှေမျှောကွက်အနီးပဲ။ အရင်တုန်းက စစ်တပ်တွေစခန်းချထားဖူးတယ်။ တပ်စခန်းအဟောင်းပဲ။ လက်ကျန်မိုင်းပေါ့” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဘီးလင်းမြို့နယ်ရှိ ဝင်းကလေးကျေးရွာ ရွှေလုပ်ကွက်တွင်လည်း စစ်တပ်မှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသဖြင့် ရွှေလုပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများလည်းရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေမှာ ကြဲတယ်။ ဘီးလင်းအပေါ်ဘက်ခြမ်း၊ ၁၆ ရက်နေ့က တစ်ခါထပ်ကြဲ ပတ်လည်ပေါ့။ တပ်မဟာ ၁ နဲ့ ၅ ကိုပေါ့၊ လေယာဉ်ပဲပစ်တယ်။ တိုက်ပွဲမရှိဘူး။ ရွှေမျှောလုပ်ကွက်။ လုပ်ငန်းရှင်က တရုတ်၊ အမည်ခံကိုယ်စားလှယ်က နိုင်ငံသားပဲ။ အဲ့ကအလုပ်သမားတွေက ရပ်ဝေးကရော၊ ရွှေ့ပြောင်းတွေလည်း ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာလကလည်း ဘီးလင်းမြို့နယ်၊ မဲလံဖားကဒူးကျေးရွာအနီးရှိ ဥယျာဉ်ခြံတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်ရရှိခဲ့သေးသည်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ ICBL ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလအတွင်း ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ကြောင်းလည်း ဆိုသည်။

April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...